Saturday, December 29, 2012

ဘယ်လို စားသောက်ကြမလဲ...


စားသောက်တော့မယ်ဆို ဘယ်လိုစားမလဲ လို့မေးရအုံးမယ် ။ကျွန်တော်တို့တတွေကတော့ လက်ဆေး ပုဂံယူ ထမင်းနဲ့ဟင်း သင့်သလို ထည့်ပြီး လက်နဲ့ အားရပါးရ နယ်စားလိုက် ပြီးတာဘဲပေါ့ ။ငပိရည် တို့စရာလေးတွေ မြှုပ်ထည့်ပြီး အားရပါးရလွှေးလိုက်ရရင် ဆွေမျိုးတောင်မေ့သွားသလားဘဲ ။ ဇလုံနဲ့နယ်ဖတ်စားရမယ်ဆိုရှယ်ပေါ့နော် ။

ဒါပေမဲ့ ခေတ်ကပြောင်းနေပြီဗျာ။အရင်လိုမဟုတ်တော့ဘူး ။ဘယ်သူမဆို နိုင်ငံအကြီးအကဲ ဖြစ်နိုင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံဖြစ်လာပြီလေ ။ ဒီတော့ ကံကောင်းအကြောင်းလှလို့ နေရာတစ်နေရာမှာ လူကြီးဖြစ်လာပါပြီတဲ့ သူ့အဆင့်နဲ့သူ ညစာစားပွဲတွေ ဧည့်ခံပွဲတွေ တက်ရမယ် လူကြီးလူကောင်းတွေနဲ့ အတူတူ စားရသောက်ရတော့မယ်ဆို အိမ်မှာလို ထမင်းကို လက်နဲ့ အားရပါးရ နယ်ဖတ်ပြီး စားလို့မရတော့ဘူးလေ ။ မှင်နဲ့မောင်းနဲ့ အိနြေ္ဒရရ စားသောက်ရတော့မှာပါ ။

နိုင်ငံရပ်ခြားတိုင်းပြည်တွေကို အလည် ရောက်ဖို့ဆိုတာလဲ ဒီနေ့ဒီအခါမှာ လွယ်သွားပါပြီ ။ဟိုရောက်တဲ့အခါ မိတ်သစ်ဆွေသစ်တွေက ဧည့်ခံကျွေးမွေးဘို့ဖိတ်လာတဲ့အခါမျိုးတွေရှိလာနိုင်ပါပြီ ။ ဟိုတယ်တွေ ရက်စတောရင့်တွေမှာ ဖိတ်ပြီးဧည့်ခံတော့မှာ ။ အဲဒီတော့ ဒီလိုပွဲတွေမှာ ဘယ်လိုစားသောက် နေထိုင် ရမယ် ဘာတွေ ဆောင်ပြီးဘာတွေရှောင်ရမယ် ဆိုတာတွေ သိမိဖတ်မိသလောက်လေး ဖောက်သည်ချပေးပါရစေ ။


formal dinner set
informal dinner set
ပထမ သိရမဲ့အချက်ကတော့ ကိုယ့်ကို ဖိတ်တဲ့ ညစာစားပွဲ အမျိုးအစားပေါ့ ။

သာမန်အားဖြင့်တော့ formal dinner (အခမ်းအနားနှင့်လုပ်သော ညစာစားပွဲ) နဲ့ informal dinner (အလွတ်သဘော ပြုလုပ်သော ညစာ စားပွဲ) ဆိုပြီးခွဲခြား သတ်မှတ်လေ့ရှိပါတယ် ။ပြီးတော့ ဘယ်လို စတိုင်နဲ့ ကျွေးမှာလည်းဆိုတာ (ဥပမာ Continental /European style နဲ့ American style ) သိထားဘို့လဲလိုပါသေးတယ် ။

continental/european style ခက်ရင်းကိုင်ပုံ
american style ခက်ရင်းကိုင်ပုံ
Continental style ဆိုရင် dinner knife ကိုညာလက်နဲ့ ခက်ရင်းကို ဘယ်လက်နဲ့ ကိုင်ပြီး အသား/ပေါင်မုန့်ကို တကိုက်စာ အတုံးလေးကိုလှီးပြီး ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲကို တိုက်ရိုက်ထည့်လို့ စားရပါတယ် ။ American style ဆို ညာလက်က dinner knife နဲ့  အသား/ပေါင်မုန့်လှီးတဲ့အခါ ဘယ်ဘက်လက်က ခက်ရင်းနဲ့ တကိုက်စာ အစလေးတွေကို လိုက်ထိမ်းပေးရပါတယ် ။ တခါလှီးဖြတ်ရင်လည်းတစ်ကိုက်စာ နှစ်တုံးထက်ပိုမဖြတ်သင့်ပါ ။ပြီးမှ ညာဘက်လက်က ဒါးကို ပန်းကန်ပေါ်ချပြီး ဘယ်ဘက်လက်က ခက်ရင်းကို ညာလက်နဲ့ ပြောင်းကိုင်ပြီးမှ တကိုက်စာ အတုံးလေးတွေကို ဖြည်းဖြည်းချင်းစားရပါတယ် ။ ဒါးကို ပန်းကန်ပေါ်ချတဲ့အခါမှာလည်း ဒါးသွားကို ကိုယ့်ဖက် လှည့်ချရပါမယ် ။လှီးနေဖြတ်နေတဲ့အချိန်မှာ သင့်လက်တွေ ကားမထားဘဲ တံတောင်ဆစ်တွေကို သင့်ကိုယ်နဲ့ ကပ်ထားပေးပါ ။
စားရင်းခဏနားမယ်ဆို american style ဒီလိုထားတယ်
ဇွန်းခက်ရင်းဒါးတွေကို စားသောက်နေရင်းဆော့ကစားတာမျိုးမဖြစ်အောင် သတိပြုပါ ။စကားပြောနေချိန် ဇွန်းခက်ရင်း စတာတွေကို လက်ထဲကိုင်မထားပါနှင့် ။ ဇွန်းခက်ရင်း စတာတွေနဲ့ လေထဲဝှေ့ရမ်းပြီးညွှန်ပြတာမျိုးလဲမလုပ်ရပါဘူး။
သိပ်ကြီးကျယ်တတ်တဲ့ သူတွေဆိုတော့ ဇွန်းခက်ရင်း ဒါးကိုင်တာကအစ သူ့စနစ်နဲ့သူသတ်မှတ်ထားတော့ သတိပြုရမဲ့အချက်တွေများပါတယ် ။

continental/european style ဆို ခဏနားရင် ဒီလိုထားတယ် 

နောက်တခုက အဝတ်အစား ဆင်ယင်မှု ကလည်းသတိပြုရပါသေးတယ်။သတ်မှတ်တဲ့ ဝတ်စုံရှိခဲ့ရင် စနစ်အတိုင်းပုံစံပြည့် ဝတ်ရပါတယ် ။ပတ်ဝန်းကျင်နဲ့ မဆီလျှော်တဲ့ အဝတ်အစားမျိုး မဝတ်မိဖို့ ဂရုပြုပါ။

ဖိတ်ကြားခံရတဲ့အခါ တက်ရောက်နိုင်ခြင်းရှိမရှိ ကို အမြန်ဆုံး (တတ်နိုင်ရင် ၃ရက်အတွင်း )အကြောင်းပြန်ပေးရပါတယ် ။
မိမိနဲ့အတူ လူပိုခေါ်ခွင့်ရှိမရှိကို ဖိတ်ကြားသူနဲ့ ညှိနှိုင်း ခွင့်ပြုချက်တောင်းရပါတယ် (ဒါက informal dinner မှာသာ လုပ်သင့်ပါတယ်)။မိမိသဘောနဲ့တော့ ခေါ်မသွားသင့်ပါဘူး ။

ဖိတ်ကြားထားတဲ့အချိန်ထက် ၁၀မိနစ်ထက်ပိုမစော ၁၀မိနစ်ထက်ပိုပြီးနောက်မကျစေရန်အထူးဂရုပြုရပါမယ် ။

အရေးကြီးတာတခုက လက်ဆောင်သေးသေးလေးဖြစ်ဖြစ်(ပန်းစည်း .ချော့ကလက်ဘူး .ရှမ်ပိန် .ဝိုင် စတာမျိုး)ဝယ်သွားပေးဖို့မမေ့ပါနှင့် ။
ထမင်းစားပွဲမှာ မထိုင်ခင်နှင့် စားသောက်နေချိန်အတွင်းမှာ သင့်ရဲ့ Hand phone ကို ပိတ်ထားဖို့မမေ့ပါနှင့် ။

ထမင်းစားပွဲမှာ မထိုင်ခင် ကိုယ့်စားပွဲမှာ ထိုင်ကြမဲ့ သူများထက်အရင်မထိုင်မိဖို့သတိပြုပါ ။ဖြစ်သင့်တာက ကိုယ့်ကိုဖိတ်တဲ့သူက ထိုင်ဖို့ ပြောပြီးသူထိုင်ပြီးတဲ့အချိန်မှာ ထိုင်ရပါမယ် ။စားပွဲတခုထည်း အမျိုးသမီးများအတူတူပါမယ်ဆိုရင် သူတို့ထိုင်ပြီးမှထိုင်သင့်ပါတယ် ။ အမျိုးသမီးတဦးဦး အပြင်သွားဖို့ ထိုင်ရာမှထခဲ့လျှင် မိမိလည်းထရပ် ရပါမယ် ။ ပြန်လာပြီးထိုင်တော့မယ်ဆိုရင်လည်း မိမိမှ ထရပ်ပြီးကြိုရပါမယ် ။

စားပွဲမှာ ထိုင်ပြီး ခဏမှာဘဲ စားပွဲပေါ်မှာရှိတဲ့ လက်သုတ်ပုဝါ (napkin) ကိုယူပြီး တဝက်လောက်ဖြန့်ပြီး ပေါင်ပေါ်မှာ လွှမ်းထားရပါမယ် ။လုံးဝဖြန့်တင်ထားတာမျိုးမလုပ်သင့်ပါဘူး ။ ရင်ဘတ်ကြားသွားရည်ခံထားသလိုမျိုး ဘောင်းဘီခါးပတ်ကြားထိုးတာမျိုးလည်း မလုပ်ရပါဘူး ။ ထိုင်ခုံက ခဏတဖြုတ် ထသွားမယ်ဆိုရင် လက်သုတ်ပုဝါကို ထိုင်ခုံပေါ်ချသွားရပါမယ် ။ စားပွဲပေါ်တင်မသွားရပါဘူး။ထိုင်ခုံပေါ်ချသွားတဲ့အတွက် သင်ပြန်လာမယ်လို့ ဆိုလိုရာရောက်ပါတယ် ။ စားသောက်ပြီးသွားတဲ့အချိန်ကြမှ လက်သုတ်ပုဝါကို အလျှားလိုက်လေးခေါက်ပြီးကိုယ့်ရဲ့ ပန်းကန် ဘယ်ဘက်နေရာမှာတင်ခဲ့ရပါမယ် ။

စားပွဲမှာထိုင်ပြီးပြီဆိုရင် ကိုယ်ကို မတ်မတ်ထိုင်ရပါမယ် ။ထိုင်ခုံနောက်မှီလှန်ပြီးထိုင်တာမျိုးမလုပ်ရပါ ။ စားပွဲပေါ်ကို ကိုင်းငိုက်ပြီးလည်း မထိုင်ရပါ ။ လက်နှစ်ဘက်ကို မိမိပေါင်ပေါ်တင်ပြီးထိုင်သင့်ပါတယ် ။ ထမင်းစားပွဲပေါ် တံတောင်ဆစ်ထောက်ပြီး မေးထောက်ပြီး လုံးဝ မထိုင်ရပါ ။ လက်ဖဝါးများစားပွဲပေါ်တင်၍ ထိုင်နိုင်ပါသည် ။ စားပွဲခုံကို လက်ဖြင့်ခေါက်ပြီး စန္ဒယားတီးသလို  စည်းချက် လိုက်နေခြင်းမျိုးလုံးဝမလုပ်ရပါ ။
 စပြီးစားကြတော့မယ်ဆိုရင် သူများတွေစပြီးစားတဲ့အခါမှသာ စပြီးစားသင့်ပါတယ် ။ အိမ်ရှင်က စားပါလို့ပြောတဲ့အချိန်ကို စောင့်ပါ ။တချို့ဒေသတွေမှာ စားသောက်ခြင်းမပြုမှီ ဆုတောင်းတာတွေရှိတာမို့ အရင် မစားမိအောင် ဂရုပြုကြရပါမယ် ။

သင့်အတွက် သင့်ရှေ့မှာခင်းထားတဲ့ ပန်းကန်တွေ ဇွန်းခက်ရင်းတွေကို သတိပြုပါ ။ သောက်စရာ ရေခွက် ဝိုင်ခွက် စတာတွေဟာ သင့်ညာဘက်မှာ ရှိပါတယ် ။စားစရာတွေ ပေါင်မုန့် ထောပတ် တွေဟာ သင်ရဲ့ ဘယ်ဘက် မှာရှိပါတယ် ။ သူတပါး ရေခွက် ပေါင်မုန့်တို့ကို မှားစားမိတာမျိုးမဖြစ်ပါစေနှင့် ။
ပေါင်မုန့်ခြင်း
စားသောက်ဖွယ်ရာများကို လက်ဆင့်ကမ်းလျှင် ညာဖက်သို့ ပေးရပါမယ် ။ဘယ်ဖက်မှကမ်းပေးလာသော စားသောက်ဖွယ်ရာများကို မိမိအတွက်ထည့်ယူပြီးက ညာဖက်သို့ကမ်းပေးရမည် ။ စားစရာထည့်တဲ့ ဇလုံ သို့မဟုတ် ပေါင်မုန့်ထည့်ထားတဲ့ ခြင်းတောင်း စတာတွေကို သင့်ရဲ့ ဘယ်ဖက်မှ လက်ဆင့်ကမ်းလာပါမယ် ။ခြင်းသို့မဟုတ် ဇလုံကို ကမ်းမယူမှီ သင့်အတွက် စားမဲ့ ပေါင်မုန့် ဒါမှမဟုတ် စားစရာကို သင့်ပန်းကန်ထဲသို့ အရင်ခပ်ထည့်ရပါမယ် ။ပြီးမှ ခြင်း ဒါမှမဟုတ် ဇလုံကို လက်ဆင့်ကမ်းယူပြီး ညာဖက်သို့လက်ဆင့်ကမ်းပေးရပါမယ် ။ညာဖက်မှသူကလည်း သူ့အတွက် အရင်ခပ်ယူပြီးမှ သင့်လက်ထဲက ခြင်းကို ကမ်းယူပါလိမ့်မယ်။

အစားအစာတွေကို မမြည်းကြည့်ခင် ဆား ငြုပ်ကောင်း စတာတွေကို မဖြူးထည့်မိပါစေနှင့် ။

အစားအသောက်ကို ခေါင်းငုံ့ပြီးမစားပါနှင့် ။ ခန္ဓာကိုယ်ခပ်မတ်မတ် အနေအထားနှင့်ဇွန်းခက်ရင်းဖြင့် စားစရာကိုပါးစပ်ဆီသို့ ယူ၍စားပါ ။

တချို့စားသောက်စရာများဟာ လက်နဲ့ ကိုင်စားရတာမျိုးရှိပါတယ် ။ ဒီအခါမျိုးမှာ လက်ညှိုး လက်ခလယ် လက်မ စတဲ့ လက်ချောင်းသုံးချောင်းနဲ့သာ ကိုင်ပြီးစားရပါတယ် ။ လက်ချောင်းတွေကို ပါးစပ်နဲ့စုပ်စားတာမျိုးမလုပ်ရပါ ။အမြဲတန်းညာလက်ကို အသုံးပြုပါ ။

တတ်နိုင်သမျှ ပါးစပ်ပြည့်အောင် ပလုပ်ပလောင်း မစားပါနှင့် ။ ပါးစပ်ပိတ်ပြီး အစာကိုဝါးစားပါ။တပြပ်ပြပ် မမည်ပါစေနှင့် ။ ပါးစပ်အတွင်း အစာရှိနေချိန် စကားလုံးဝမပြောပါနှင့် ။ နှာချေခြင်း ချောင်းဆိုးခြင်း တံတွေးသလိပ်ဟပ်ခြင်း စတာတွေကို လုံးဝမလုပ်မိပါစေနှင့်။ အစာဝါးစားနေစဉ်အတွင်း အရည်တမျိုးမျိုးကို မသောက်ပါနှင့်။ပါးစပ်အတွင်းမှ စားစရာကုန်မှ ရေသို့မဟုတ် အချိုရည် စသည်တို့ကိုသောက်ရပါမယ် ။

စားသောက်နေစဉ် ဇွန်းခက်ရင်း လွတ်ကျ ပြုတ်ကျခဲ့ရင် ကောက်ပြီးပြန်သုံးရန်စကြိုးစားပါနှင့် အသစ်တောင်းယူပါ။ ဟင်းဖိတ်စင်သွားသည်များကို ကိုယ်တိုင် သုတ်သင်ခြင်းမလုပ်ဘဲ စားပွဲထိုးအားခေါ်ပြီးခိုင်းပါ ။မိမိကြောင့် လွတ်ကျတာ စွန်းပေတာတွေဖြစ်ခဲ့ရင် တောင်းပန်ပါ ။တောင်းပန်ဖို့ဝန်မလေးပါနှင့် ။

အရိုးများ မစားချင်သော အကြွင်းအကျန်များကို စားပွဲပေါ်တင်မထားပါနှင့် ။မိမိမကြိုက်သောစားစရာများပါလာခဲ့လျှင် အနည်းငယ်စားပြီး ဟန်မပျက် ဘေးချထားရပါမည် ။မိမိနှင့်အတူစားသောက်နေသူတို့ကို အနှောက်အယှက်မဖြစ်ပါစေနှင့် ။


 salt တောင်းလျှင် pepper ပါတွဲ၍ ပေးရသည့် ထုံးစံရှိပါသည် ။တောင်းယူသည့်အခါ   ကျေးဇူးပြုပြီး (please )  ကိုသုံးရပြီး လက်ခံရပြီးလျှင် ကျေးဇူးတင်ပါတယ် (thank you) ဟုပြောရန်မမေံပါနှင့်။ ကျေးဇူးပြုပြီး (please ) ,  ကျေးဇူးတင်ပါတယ် (thank you),  ခွင့်ပြုပါ (excuse me) , စတာတွေကိုသုံးဘို့မမေ့ပါနှင့် ။

မိမိဟာ အစားအသောက်နှေးတဲ့သူ ဖြစ်တယ်ဆိုရင် သူများတွေနဲ့အမှီလိုက်စားနိုင်အောင်ကြိုးစားပါ ။အခြားအစားနှေးသူပါခဲ့လျှင်လည်း ထိုသူကို စောင့်စားပါ။အခြားသူတွေ စားသောက်ပြီးစီးနေပါက မိမိစားလက်စအား အမြန်အဆုံးသတ်လိုက်ပါ။
ဒီလိုလေးဇွန်းခက်ရင်းတွေတင်ထားတယ်ဆို စားပြီးပြီ ဆိုတာသိစေတယ်။
စားသောက်ပြီးတဲ့အခါ မိမိစားသုံးခဲ့သည့် ဒါး နှင့် ခက်ရင်း ကို ပူးတွဲပြီး ပန်းကန်ပေါ်မှာ ညာဖက် မှ ကန့်လန့်စောင်းစောင်းတင်ပြီး ထားခြင်းအားဖြင့် မိမိစားသုံးပြီးကြောင်း သိစေပါတယ် ။

စားသောက်ပြီးတဲ့အခါမှာ စားသောက်ဖွယ်ရာများ အရသာရှိကြောင်း စားသောက်၍ ကောင်းကြောင်းပြောဖို့မမေ့ပါနှင့် ။
စားသောက်နေဆဲသူများရှိနေချိန်တွင်မိမိစားပြီး၍ စားပွဲမှ ထွက်မသွားပါနှင့် အားလုံးစားပြီးသည်အထိစောင့် ပါ။
ထမင်းစားနေစဉ်အချိန်မှာ ဆေးလိပ်သောက်ခြင်း သွားကြားထိုးခြင်း နှာခေါင်းကုတ်ခြင်း ခေါင်းကုတ်ခြင်းများ လုံးဝမလုပ်ရပါ။



စားသောက်ပွဲပြီးလို့ စားပွဲမှ ထွက်ရာတွင်လည်းအများနှင့်အတူ ထပြီးထွက်ပါ ။နောက်ချန်နေခဲ့ခြင်းမျိုးမပြုရပါ (မိမိသည် ဖိတ်ကြားခံရသည့်ဧည့်သည်ဖြစ်လျှင်) ။စားသောက်ခန်းမှမထွက်ခွာမှီ မိမိအားဖိတ်ကြားသည့် အိမ်ရှင်ကို နှုတ်ဆက်ရပါမည် ။ ဧည့်သည်များလွန်းသဖြင့် အိမ်ရှင်အား နှုတ်ဆက်ရန်မဖြစ်နိုင်က နောက်တနေ့မနက်တွင် တယ်လီဖုန်းဖြင့် ကျေးဇူးတင်ကြောင်း မဖြစ်မနေ ပြောရပါမယ် ။

ဒီလို ရှုပ်ရှုပ်ထွေးထွေး ညစာစားပွဲတပွဲကို ဂုဏ်သရေရှိရှိ စားသောက်နိုင်ဖို့ လွယ်လွယ်ကူကူ လေ့လာနိုင်အောင် သိသလောက် ပြောပြရတာပါ ။ ကျန်တာလေးတွေလည်းရှိနိုင်သလို မလိုက်နာဘဲ ချန်ထားခဲ့လို့ရတာတွေလည်းရှိမှာပါ ။ ဘယ်လိုဘဲဖြစ်ဖြစ် အိနြေ္ဒ မပျက် စားသောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။



မှတ်ချက် ။ ။ ကြိုတင်လေ့ကျင့် စားသောက်ကြည့်ချင်တယ်ဆိုရင် ဟော်တယ်ကြီးများတွင်အဖေါ်အဖြစ် လိုက်ပြီးစားသောက်ပေးနိုင်ပါတယ် ။




















Tuesday, November 27, 2012

သူဌေးဆို ဒီလိုမပြောနဲ့


ကျွန်တော်တို့ အမြဲကြားနေ ဖတ်နေရတာတွေက "သင့်အလုပ်ရှင်ကို အဆင်ပြေအောင်ဆက်ဆံနည်း" "အထက်လူကြီးကို မပြောရသော စကားလုံးများ" စတာတွေဘဲ အတွေ့များပါတယ် ။
ဒါကကျွန်တော်တို့ဟာ အမြဲတန်း အောက်လက်ငယ်သားဘဲဖြစ်ရမယ်လို့ အတွေးဝင်စေပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်နဲ့ တချိန်မှာ လုပ်ငန်းရှင် ပိုင်ရှင် အထက်လူကြီးတယောက်
 ဖြစ်ရမဲ့သူတွေပါ ။ ဒီတော့ ကျွန်တော်တို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုပြောဆို ဆက်ဆံသင့်တယ်ဆိုတာ သိထားသင့်တဲ့ အကြောင်းပါ။အဲ.....တကယ်လို့ သင်ဟာ တသက်လုံး အလုပ်သမားတယောက် ဝန်ထမ်းတယောက် ဘဝကနေ တိုးတက် လွတ်မြောက်ဘို့ ရည်ရွယ်ချက်မရှိတော့ဘူး ဆိုရင်တော့ ဒီစာစုဟာ သင့်အတွက် အသုံးဝင်မှာ မဟုတ်လို့ ကြိုတင်တောင်းပန်ပါရစေ ။
တကယ်တော့ ဒါတွေဟာ ကျွန်တော့ရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေ ပြောဆိုဆက်ဆံနေကြတဲ့အပေါ်မှာ သတိပြုမိပြီး ကောက်ချက်ချထားတာတွေပါ ။ပြီးပြည့်စုံတာတော့ မဟုတ်သေးဘူးပေါ့ ။ လုပ်ငန်းအတွေ့အကြုံအရ သိလာမယ်ဆိုပေမဲ့ တခါတလေ သတိလက်လွတ်ပြောတတ်ကြတယ် ဆိုတော့ ကြိုတင် သတိရှိစေဘို့ပါ ။
၁။   ။"မင်းတို့ကို လခပေးပြီးခန့်ထားတာ ဒီတော့ခိုင်းတဲ့အတိုင်းလုပ်ပါ" ဆိုတဲ့ စကားမျိုး သူနဲ့ဆင်ဆင်တူ အဓိပ္ပါယ်တူ စကားမျိုးကို ဘယ်တော့မှ မပြောမိပါစေနှင့် ။
လုပ်ငန်းခွင်မှာ အလွန်အန္တရာယ်ကြီးပါတယ် ။ တန်ဖိုးရှိတဲ့ သင့်ရဲ့ဝန်ထမ်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ် ။ ဒီစကားကြောင့် သင်လုပ်ချင်တဲ့အလုပ်မပြီးနိုင်တဲ့အပြင် ပေးနေရတဲ့လုပ်ခလစာဟာလဲ အကျိုးမရှိဖြစ်သွားပါမယ် ။
၂။   ။ "မင်းတို့ ကံကောင်းလို့ ဒီလို အခွင့်အရေးရတာ တခြားကုမ္ပဏီမှာဆို ဒီလိုခံစားခွင့်တွေရှိတာမဟုတ်ဘူး" ဒီစကားမျိုးကိုလဲ မပြောရဘူး ။အထူးသဖြင့် သင့် ဝန်ထမ်းတွေကို ဆုကြေးခံစားခွင့်တွေ ထုတ်ပေးတဲ့အချိန်မျိုးမှာပါ ။ တကယ်တော်တဲ့ ဝန်ထမ်းတွေ ကုမ္ပဏီအပေါ် စေတနာအပြည့်ရှိတဲ့ ဝန်ထမ်းတွေအတွက်က ဒီစကားမျိုးဟာ ဝန်ထန်းတွေရဲ့ စိတ်ဓါတ်ကို ပျက်စီးစေနိုင်တယ် ။ပြီးတော့ သူတို့ရတဲ့ခံစားခွင့်ဟာ ရသင့်ရထိုက်တာထက် လျှော့နည်းတယ်လို့လဲ ခံစားရသွားနိုင်တယ် ။
၃။   ။"ငါက မနေ့ညကလည်းရုံးမှာ စနေနေ့လည်းပိတ်ရက်မရှိဘူး မင်းတို့ကဘယ်တွေလျှောက်သွားနေလဲ" ဒီလိုပြောလို့လည်း မရပါဘူး။ လုံးဝ မပြောသင့်တဲ့စကားမျိုးပါဘဲ ။ သာမန်ဝန်ထမ်းတယောက်ဟာ ၂၄နာရီ တာဝန်ယူစရာ အကြောင်းမရှိပါဘူး ။ သူ့ကိုဒီလိုတာဝန်ယူခိုင်းတဲ့ အဓိပ္ပါယ်ရောက်စေတဲ့ စကားကြောင့် ကိုယ့်အလုပ် အပေါ် အမြင်ပြောင်းသွားနိုင်တယ် ။
၎။   ။"အသုံးစရိတ်တွေ သိပ်မြင့်နေတယ် ဒီစရိတ်တွေကို လျှော့ချရမယ်" ဆိုတဲ့စကားမျိုးကိုလဲ ဝန်ထမ်းတွေကို မပြောရပါဘူး ။စရိတ်လျှော့ချမယ်ဆို ဘယ်သူသုံးတဲ့ အသုံးစရိတ်လဲဆိုတာတွေ ပြောစရာဖြစ်တတ်ပါတယ် ။ ဒီအပေါ်မှီခိုနေတဲ့ ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်တွေ ကျဆင်းစေတတ်တယ် ။ မျှော်လင့်ချက်ကျဆင်းနေတဲ့ ဝန်ထမ်းရဲ့ စွမ်းဆောင်ရည်ဟာလဲ သိသိသာသာ ကျဆင်းသွားတတ်ပါတယ် ။ (အသုံးစရိတ်လျှော့ချတဲ့ကိစ္စမျိုးဟာ မိမိဘာသာဆုံးဖြတ်ပြီးလုပ်ရမှာ ဖြစ်ပါတယ် )
၅။   ။"ဘာကြောင့်ဖြစ်ဖြစ် မင်းနဲ့ဒီနေရာနဲ့ မတန်ဘူး" ဆိုတာ မပြောရဘူး ။ ချိုးနှိမ်ဆက်ဆံတဲ့ ပုံစံမျိုးကို ဘယ်အလုပ်သမားကမှ မကြိုက်ကြဘူး ။သူတို့ရဲ့အလုပ်ရှင်ဟာ သူတို့အပေါ် လေးလေးစားစားဆက်ဆံတယ်ဆို အလွန်ကြေနပ်ကြပါတယ် ။
၆။   ။"မင်းဆင်ခြေတွေကို နားမထောင်ချင်ဘူး အလုပ်ပြီးတာဘဲလိုချင်တယ်"ဆိုပြီးမပြောမိစေနဲ့ဦး ။သင်ဟာ အလုပ်ရှင်ဖြစ်လို့ ဘယ်အလုပ်သမားရဲ့ ဆင်ခြေပေးတာမဆို နားထောင်ပေးရမဲ့ ဝတ္တရား ရှိနေပါတယ် ။ဖြစ်သင့်တာက ဘယ်ဝန်ထမ်းရဲ့ မှားမှားမှန်မှန် ပေးလာတဲ့ဆင်ခြေတွေကို ဂရုတစိုက် နားထောင်ပေးသင့်တယ် ။ ဒါမှ ပြဿနာတွေရဲ့ အရင်းအမြစ်ကို ထဲထဲဝင်ဝင် လေ့လာသိရှိပြီးဖြစ်သွားမှာပါ ။
၇။   ။"ငါတို့ဒီလို လုပ်နေကြဘဲ မင်းလဲဒီအတိုင်းလုပ်"ဆိုပြီးမပြော မခိုင်းပါနဲ့ ။တကယ်လို့ သင့်ဝန်ထမ်းမှာ ပိုကောင်းတဲ့ နည်းလမ်း အကြံဥာဏ်တွေ ရှိနေခဲ့မယ်ဆိုရင် ဒါတွေကို ဆုံးရှုံးသွားလိမ့်မယ် ။သမရိုးကြနည်းကြီးဖြင့် သင့်လုပ်ငန်း မတိုးတက်နိုင် ဖြစ်နေတတ်ပါတယ် ။
၈။   ။"မင်းက ပြဿနာဖြစ်အောင်လုပ်နေတာဘဲ"ဆိုပြီး ဘယ်တော့မှ ကိုယ့်ဝန်ထမ်းကို မပြောပါနဲ့ ။တကယ် ပြင်မရနိုင်တဲ့ ပြဿနာတွေကို လုပ်ခဲ့တယ်ဆိုလည်းထိရောက်တဲ့အရေးယူမှုကိုလုပ်ပါ။ပါးစပ်ကဝန်ထမ်းကို တိုက်ရိုက်မပြောမိပါစေနဲ့ ။တကယ်ဖြစ်တဲ့ပြဿနာက ဝန်ထမ်းကြောင့်လား ကုမ္ပဏီ ဘက်က လိုအပ်ချက်ကြောင့်လား သေခြာသိအောင်လုပ်ပြီးပြင်သင့်တာကိုပြင်ဘို့လိုပါတယ် ။
၉။   ။"သောက်သုံးမကျတဲ့ကောင်တသက်လုံးမင်းသောက်သုံးမကျဖြစ်နေတာဘဲ" ဆိုပြီး ဒေါသကို မထိမ်းနိုင်ဘဲ မပြောမိပါစေနဲ့ ။ဒီလိုစကားဟာ အလုပ်သမားတယောက်ကို ပျက်စီးဆုံးရှုံးစေတယ် ။အရှက်ရသွားတဲ့ အလုပ်သမားတယောက်ဟာ ဘယ်တော့မှ ကိုယ့်အပေါ်ကောင်းလာတော့မှာမဟုတ်ဘူး ဆိုတာ သိဘို့ပါ။ စားဝတ်နေရေးကြောင့် မလွှဲမရှောင်သာလုပ်ရပေမဲ့ စေတနာမပါတော့ဘူးဆိုတာသေခြာပါတယ် ။
ဘယ်လိုကြောင့်ဖြစ်ဖြစ် နေရာတခုမှာ လူကြီးတယောက်ဖြစ်လာတယ် ဆိုရင်လည်း ဒါလေးတွေကို ရှောင်ပြီးပြောဆို ဆက်ဆံမယ်ဆိုရင်လည်း ကိုယ့်လက်အောက် ငယ်သားတွေရဲ့ လေးစားမှုကိုတော့ခံရနိုင်ပါတယ် ။ ဒါမှမဟုတ်ဘဲ သတိလက်လွတ်ပြောဆိုဆက်ဆံမိတဲ့ အသေးအဖွဲလေးတွေကနေ မိမိမသိလိုက်ဘဲ လူ့ချဉ်ဖတ်ကြီးလဲဖြစ်သွားတတ်တာကို သတိပြုမိနိုင်ပါစေ ။

နွေဦး တွေးမိသလို ရေးကြည့်ပါတယ် ။

Monday, November 26, 2012

ကထိန်အလှူ သာဓု ခေါ်နိုင်ကြပါစေ...


“သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဟူ၍ ရှိလေရာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့သည့် အတိုင်း
အမြတ်ဆုံးအလှူတို့တွင် ကထိန်သင်္ကန်း လှူခြင်းလည်း ပါဝင်၏။
ဦးစွာ ကထိန်မမြောက်သော သင်္ကန်းများမှာ...
၁။ နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၂။ ဤသင်္ကန်း (ဗိုလ်မ၊ ကြာငါးခိုင်၊ ဇောတိက၊ သမ္မတစသည်)တို့ဖြင့် ကထိန်ခင်းရမည်ဟူ၍ ဘုန်းကြီးကပြော၍ကထိန်ခင်းလျှင်
၃။ ငါ့၌ရှိသောသင်္ကန်းကို ဝတ္ထုငွေနှင့်လဲလှယ်၍ ကထိန်ခင်းပါဟုဆိုလျှင်
၎။ ခေတ္တငှားရမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ သိုမှီးသိမ်းဆည်းထားသည့် သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းသည့် နေ့မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် မဖြတ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၈။ ကျောင်း၌ ယခင်က ကပ်ထားသည့် သင်္ကန်းများ၊ ကပ္ပဗိန္ဓုထိုးပြီးသား သင်္ကန်းများနှင့် ကထိန်ခင်းလျှင်
ကထိန်မမြောက်ပါ။
ကထိန်မြောက်သော သင်္ကန်းများမှာ
၁။ သင်္ကန်းအသစ်နှင့် ကထိန်ခင်းလျှင်
၂။ နိမိတ်မပြဘဲ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၃။ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၎။ မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီးမသိမ်းဆည်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်းကို ကြိုတင်မပို့ထားသော သင်္ကန်း၊ ကထိန်းခင်းမည့် နေ့ရက် ရောက်မှ
ကျောင်းကိုပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်
ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
ကထိန်မြောက်ပါသည်။

 ကထိန် မြောက်သည် မမြောက်သည် ဆိုသော ကန့်သတ်ချက်မှာ ရဟန်းသံဃာ များအတွက် အရေးကြီးပါသည်။
လူပုဂ္ဂိုလ် များအနေဖြင့် အလှူပြီးမြောက်သဖြင့် ကုသိုလ် စိတ်ကြောင့်  ကုသိုလ် ရပြီးဖြစ်ပါမည် ။
အရေးကြီးသည်မှာ သာဓုခေါ်နိုင်ရန်သာဖြစ်သည် ။


Thursday, November 15, 2012

ဘုရင့်နောင် သတ္တိ


ရာဇဝင် စာတင်ပြောကြကြေးဆို
ကျုပ်တို့သမိုင်းမှာ သူရဲကောင်းများစွာ ရှိခဲ့ပါတယ် ။
သတ္တိဂုဏ်ရောင် ထွန်းပြောင်သူထဲမတော့
နောင်ရိုးတိုက်ပွဲလို နောက်ပြန်မလှဲ့ကြေး
ဖေါင်ဖျက်လို့ အနိုင်တိုက်ခဲ့တဲ့
ဘုရင့်နောင်ရဲ့သတ္တိကိုတော့ မြန်မာတွေ အသိပါဘဲ ။
သူ့ခေတ်သူ့အခါ သူသည်လည်း ဘုရင့်နောင်ပါ
ဒီခေတ်မှာတော့ ငါသည်လည်း ဘုရင့်နောင်ပါဘဲ..
စေတနာ စေတနာ အခါခါပြောပြီး
ရသမျှအကုန်နှိုက်တတ်ကြတဲ့ လူရမ်းကားတသိုက်ကြောင့်
မြစ်တစင်းပေါ်မှာ
အလျှားလိုက်ကျောခင်းလို့
ယိုင်နဲ့နဲ့ တံတားတစင်း ငါဖြစ်ခဲ့တာပေါ့ ။
ငါမမွေးဖွားခင်ကတည်းက
ငါ့ရဲ့အသွေးအသားတွေကို စုတ်ယူခဲ့ကြသလို
ခုချိန်ထိလည်း ဖဲ့ယူစားသောက်နေကြဆဲပါ။
တကယ်လို့ သူတို့သာဖဲ့မစားခဲ့ရင်
ရာဇဝင်မှာ ထွန်းပြောင်ခဲ့တဲ့ ဘုရင့်နောင်လို
ငါလည်း နှစ်တရာလောက် ကြံ့ကြံ့ခံနိုင်ပါရဲ့ ။
ခုတော့ငါ့ဘဝ
ဟိုလူရွှင်တော်တွေပြက်လုံးထုတ်သလို
"ဖွင့်ပွဲကြီးက မြိုင်မြိုင်ဆိုင်ဆိုင်..
တံတားကြီးကို လှည့်ကြည့်လိုက်တော့
ယိုင်တိုင် ယိုင်တိုင်…" ဖြစ်နေရပါပြီ ။
ဒီလောက်နဲ့ ရပ်သွားရင်တော်သေးရဲ့
ခုတော့ဖြင့် ….
ရသလောက် ခုတ်ခွာစားမဲ့
ခရိုနီ အကြီးစားတွေရဲ့ လက်ချက်ကို
သွယ်ဝိုက်ပြီး နည်းအမျိုးမျိုးနဲ့ ခံရပြန်ပြီလေ ။
ပြောတော့ဖြင့်စေတနာ
တကယ်ဆို သူတို့ အသာကြီးဘဲ
ကြားထဲကတကယ်ခံရတာက
ကျုပ် ဘုရင့်နောင် ကြီးပါဗျာ..
အဲဒီဘက်က မသွားနဲ့ ဒုက္ခနဲ့ လှလှတွေ့ကြမယ်ဆိုပြီး
နာမယ်ဆိုးနဲ့ ကျော်ကြားနေခဲ့တာ ကြာပါပေါ့လား ။
ကျုပ်ရဲ့အနောက်အရပ်မှာနေကြတဲ့
လက်လုပ်လက်စား
လူတန်းစားတွေက
ကျုပ်ပေါ်ကကျော်လွှား
အရှေ့အရပ်ကိုသွားလို့
စီးပွားရှာကြသလို
မြို့ပေါ်က လုပ်ငန်းရှင်တွေကလည်း
သူတို့ ဂုတ်သွေးစုတ်ရာ လှိုင်သာယာကို
ကျုပ်ပေါ်ကဘဲ ကျော်ခွလို့သွားကြလေရဲ့ ။
နိစ္စဓူဝ မြင်ကြားသမျှ ဘဝတွေအကြောင်းက
ပြောပြလို့ မဆုံးနိုင်ပါဘူး ။
သူတို့တွေ သွားသွားလာလာ အဆင်ပြေစေဖို့
အရှေ့ဖက်မှာ ဂုံးကျော် တံတားတစင်းထိုးမလို့တဲ့ ။
စေတနာတွေ…. စေတနာတွေ….
ပြောစကတော့ လေးလနဲ့ အပြီးဆိုဘဲ
ဒီစကားကြားတော့ ကျုပ်လည်း "ဝမ်းပန်းတသာ ကြိုဆိုပါ၏" ပေါ့ ။
ဒါပေမဲ့..
ခုချိန်ထိကြိုးစားပမ်းစား မနားမနေ လုပ်ကြပေမဲ့….ဟဲဟဲ..
ထားပါလေဒါက စားတဲ့သောက်တဲ့ကိစ္စပါ
ပြီးတော့လဲ ပြီးသွားမှာပေါ့..
ကျုပ်ကတော့ ဒီဂုံးကျော် တံတားကြီး ဖွင့်ပွဲကို
မြင်မှမြင်နိုင်ပါ့မလားလို့
စဉ်းစားမိကြရဲ့လားဟင်
နေ့စဉ်နေ့စဉ် မလှုပ်တလှုပ် တရွေ့ရွေ့နဲ့
နာရီပေါင်းများစွာ ယာဉ်တန်းကြီးရဲ့အနင်းခံနေရတာ
ခြောက်လကျော်ခဲ့ပါပြီ…..
နဂိုကထည်းက ယိုင်နဲ့နဲ့ နေခဲ့ရတဲ့
ကျုပ်ဘုရင့်နောင် 
ခုတော့ဖြင့် ရာဇဝင်ထဲက
သူရဲကောင်း ဘုရင့်နောင်လို သတ္တိနဲ့
ဖေါင်မဖျက်ဘဲ တံတားပျက်တဲ့အထိ
သတ္တိမွေးနေရပါပြီ

Monday, November 12, 2012

အိမ်သာ ကို ဘယ်လိုသုံးကြသလဲ...

ကျွန်တော်တို့တတွေ ဒီခေတ်သစ် မှာနေသားကျနေတာကြာလာတော့ ဘယ်ပစ္စည်း ဘယ်လိုသုံးကြရမယ်ဆိုတာ အတော်လွယ်လွယ်ကူကူ သိနေကြတယ်။ မသိရင်လဲ အရင်သုံးဖူးတဲ့သူတွေကိုမေးပြီး သုံးကြရင် အခက်အခဲမရှိကြဘူး ။ ပိုခေတ်မှီလာတဲ့ အင်တာနက်ခေတ်မှာဆိုရင်တော့ ဘာမဆိုမသိတာကို အင်တာနက်ကနေ ရှာကြည့် နေကြတဲ့ အချိန်ဖြစ်နေ ပြီလေ ။
ဒါပေမဲ့ နေ့စဉ်အသုံးပြုနေရပြီး မလွဲမသွေ ကြုံရတဲ့ အလုပ်ကိုတော့ ဘယ်လို သုံးရမယ် ဘယ်လို သုံးသင့်တယ် ဆိုပြီး ဘယ်သူ့မှမမေးဘဲ သုံးနေတဲ့ အရာတခုရှိနေတာလေ ။ အဆင်ပြေသလို ကြုံသလို သုံးနေကြပြီးအဆင်ပြေနေကြတာပါ ။


ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဆင်ပြေသလို သုံးတယ် နောင်လာနောက်သားတွေလဲ အလျှင်းသင့်သလို အခက်အခဲမရှိ ဘယ်သူသိတာမှတ်လို့ ဆိုပြီး စနစ်ပျောက် သုံးလာကြတာ ကြာခဲ့ပြီမဟုတ်လား ။
ဟုတ်တယ်လေ.. ဘယ်လူကြီးသူမတွေကမှ အိမ်သာ သုံးရင် ဘယ်လိုသုံးရမယ် ဆိုတာ သတ်မှတ်ချက်တွေ စည်းကမ်းတွေနဲ့ ထိမ်းသိမ်းခဲ့တာ မရှိခဲ့ဘူးလေ.. ။ ဘယ်စာရေးဆရာတယောက်မှ အိမ်သာ ဘယ်လို သုံးရမယ် ဆိုတဲ့ စာ တတန် ပေတဖွဲ့ မှတ်မှတ်ရရ မတွေ့ခဲ့ဖူးဘူး ။

ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး လူကြီးသာဖြစ်ခဲ့တယ် ဘယ်ကျောင်းမှာမှ ဘယ် ကျောင်းအိမ်သာ မှာမှ ကျောင်းအိမ်သာကို ဘယ်လို သုံးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ထား ချိတ်ထားတာ မတွေ့ဖူးဘူး တကယ် ။












ငယ်ငယ်လေးတုန်းကတော့ ကြားဖူးနားဝနဲ့ အဆင်ပြေသလိုသုံးခဲ့ကြပေမဲ့ ကိုယ်တိုင် သန့်ရှင်းရေး ကိုယ်သုံးတဲ့ အိမ်သာ သန့်ရှင်းရေးကို နားမလည်ခဲ့ကြပါဘူး။
ကိုယ်နေတဲ့ ကိုယ့်အိမ်ကိုယ့်ယာ မှာတော့ ကိုယ်သုံးနေတဲ့ အိမ်သာဟာ ဘယ်လိုရှိနေနေ ဘယ်လို သုံးသုံး အဆင်ပြေချင်ပြေနေမှာပါ ။တရပ်တကျေး သွားလို့ ဧည့်သည် ဖြစ်ပြီဆိုရင်တော့ ဒီကိစ္စဟာ နဲနဲ သတိပြုစရာဖြစ်လာတတ်ပါတယ် ။




ဂျပန် နိုင်ငံ မှာသုံးတဲ့ အိမ်သာ တွေဟာ ကျွန်တော်တို့ဆီက အိမ်သာတွေနဲ့ ပုံစံတူပေမဲ့ အသုံးပြုရတဲ့ ပုံစံမတူတာတွေလဲရှိပါတယ် ။ ဒီလိုကိစ္စကြတော့ ပုံပြ ပိုစတာလေးတွေနဲ့ သူတို့ဆီမှာ အသိပေးထားကြတယ် ။ ကျွန်တော်တို့ဆီမှာကော ဒါမျိုးတွေ တွေ့ဖူးကြရဲ့လားမသိဘူး ။



ကျွန်တော်တွေ့ဖူးတာကတော့ အိမ်သာနံရံ တွေမှာ ညစ်ညစ်ပတ်ပတ် အယုတ်တ အနတ်တ တွေ နံရံ အပြည့် ရေးထားတာတွေတော့ တွေ့ဖူးတာဘဲ ။ ကျောင်းအိမ်သာ နံရံတွေမှာဆို ခလေးရွယ်တွေနဲ့ မလိုက်ဖက်လောက်အောင်ကို ယုတ်ရင်းကြမ်းတမ်းတဲ့ စာတွေ အပြည့်ရှိနေတတ်ပါတယ် ။ ဒါကို ဘယ်သူကမှ တာဝန်ယူပြီး မဖြေရှင်းကြပါဘူး ။







တကယ်တော့ ကျောင်းအိမ်သာနံရံတွေမှာ အိမ်သာကို သန့်ရှင်းအောင် ဘယ်လိုသုံးရမယ် ဘယ်လို သန့်ရှင်းရေးလုပ်သင့်လဲ ဆိုတာတွေကို ပညာပေး ကပ်ထား ရေးထားသင့်တာပေါ့ ။

















တခုတော့သတိပြုမိတာရှိတယ် ။ကျွန်တော်တို့ မြန်မာတွေရဲ့ ဓလေ့ ဘဲ ထင်ပါတယ် အိမ်သာ ဆိုတာ ညစ်ပတ်တဲ့နေရာ ။ မသန့်ရှင်းတဲ့နေရာ ။ ရွံ့စရာ မသတီစရာနေရာလို့ သတ်မှတ် စွဲလမ်းနေကြတာပါဘဲ..။ ဒီလို ရွံ့စရာကြီးလို့ သတ်မှတ်ထားတော့ ပိုပြီးတောင် ညစ်ပတ်မသန့်ရှင်းတော့ဘူးပေါ့ ။ 




အိမ်သာဟာ လူတိုင်း နေ့စဉ် တွေ့ ကြုံ အသုံးပြု နေရတဲ့နေရာ တခုပါ ။ တနေ့တကြိမ်လောက်တော့မဖြစ်မနေ တွေ့ ကြုံရတာဖြစ်လို့ သူ့ကို သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင် သုံးစွဲရမယ်ဆိုရင် သုံးစွဲရသူတွေ စိတ် ရွှင်လန်းစေမှာပါ။ အခုတော့ မနက်စောစော မသန့်မရှင်း ညစ်ညစ်ပတ်ပတ် နံနံစော်စော် ကြီးနဲ့ တွေ့လိုက်ရရင် ရှေ့လူကလဲ သန့်သန့်ရှင်းရှင်း မသုံးခဲ့ရင် တနေ့လုံး နေလို့ကောင်း တော့မှာမဟုတ်ဘူး ။ 




အိမ်သာ သန့်ရှင်းရေးလုပ်ရတယ်ဆိုတာ တကယ်တော့ ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ကုဋီ ဆေးတဲ့ ကုသိုလ် ယူကြလေ့ရှိပါတယ် ။ ကျောင်းကန်ဇရပ်တွေမှာ ကုဋီဆေး(အိမ်သာဆေး)တဲ့ကုသိုလ်ဟာ ပြုခဲ့ဘူးတဲ့ မကောင်းမှုတွေကို စင်ကြယ်အောင် ဆေးကြောပေးသလို ခံယူကြတယ် ။ အဲဒီသဘောမျိုးနဲ့ မိမိ စွန့်ခဲ့တဲ့ အညစ်အကြေးတွေကို အခြားသူအတွက် အနှောက်အယှက် မဖြစ်စေလိုတဲ့ စိတ်လေးထားပြီး မရွံ့မရှာ ဆေးကြောလိုက်မယ်ဆိုရင် နောက်နောင် အိမ်သာဆေးဘို့ ဝန်မလေးတော့ဘူပေါ့ ။

ငယ်ရွယ်တဲ့ ခလေးအရွယ်တွေကတည်းက အလေ့အကျင့်လုပ်ပေးထားမယ်ဆိုရင် အိမ်သာကို သန့်သန့်ရှင်းရှင်းသုံးတတ် သန့်ရှင်းရေးလုပ်တတ်ကြမှာပါ ။ ဂျပန်တနိုင်ငံလုံး မူလတန်းအရွယ်ခလေးတွေကစလို့ ဒီလို အလေ့ကျင့်တွေ ပေးထားတယ်လို့ ကြားဖူးပါတယ် ။ ဂျပန်က ဝန်ကြီးချုပ်တောင် အိမ်သာ ဆေးခဲ့ဖူးတယ်လို့ အမြဲ ဂုဏ်ယူပြောတာတွေကြားဖူးပါတယ် ။ ဒါ့ကြောင့် ဂျပန်တနိုင်ငံလုံး ဘယ်နေရာဖြစ်ဖြစ် အများသုံးအိမ်သာဘဲဖြစ်ဖြစ် အမြဲသန့်နေတာ တွေ့ရ မှာပါ ။ သူတို့ ဂျပန်လူမျိုးတွေကတော့ အိမ်သာ သန့်သန့်လေးကို အမြဲဂုဏ်ယူတတ်ကြပြီး သူတို့ စိတ်ထားမြတ်ကြောင်းပြကြတတ်ပါတယ် ။



















Wednesday, October 24, 2012

ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ....

တကယ်လုပ်ပေးနေတာတွေအတွက် ကျေးဇူးတင်ပါတယ် ။
လုပ်ပေးနေတဲ့စေတနာတွေ ရည်ရွယ်ချက်တွေကို ခံယူတဲ့သူတွေ မခံယူတတ်ဘူးလို့ပြောရမလားဘဲ ။


လမ်းတွေမှာ စည်းကမ်းမဲ့ ယာဉ်ရပ်တာတွေ မရှိရအောင် အခမဲ့ ယာဉ်ရပ်နားစရာနေရာတွေကို
စည်ပင်သာယာရေးက အားကြိုးမာန်တက် လုပ်ပေးနေတာပါ..




ဆောက်လုပ်ရေးလုပ်ငန်းတွေတောင်မှ မပြီးသေးဘူး..ပစ္စည်းတွေ မြေကြီးတွေ ရှင်းလို့ပြီးအောင်တောင်
မစောင့်နိုင်တဲ့ လမ်းဘေးဈေးသည်တွေက အလုအယက် ဆိုင်ခင်းပြီးဈေးရောင်းနေကြပြီ..



အဲလိုဖြစ်လာတော့ ဒီလို ခင်းပြီးသားလမ်းပေါ် ဈေးမရောင်းရဆိုတဲ့ စာတွေ လိုက်ရေးထားလိုက်တယ်
ဒါပေမဲ့ အဲသည်စာရေးထားတဲ့နေရာလေးဘဲ ကွက်ချန်ပြီး ဈေးရောင်းနေကြတာပါဘဲ...

ဒီလို လမ်းပေါ်ကျူးကျော် အခိုင်အမာ ဖွင့်ထာတဲ့ ဆိုင်တွေကတော့ လမ်းကြားတွေထဲ
အများအပြားပါ.. သူတို့ကြောင့် လမ်းတွေပိတ်နေ လမ်းကျဉ်းနေတာတွေကြောင့် ယာဉ်
သွားလာခက်ခဲရတာ  ယာဉ်ရပ်စရာနေရာမရှိတာတွေ ဖြစ်နေတာပေါ့...။

နောက်ဆုံးတော့လည်း   ဒုံရင်း  ပါဘဲ..

Monday, October 1, 2012

မငြင်းနေကြနဲ့


  တွေ့တိုင်းတွေ့တိုင်း အကြောင်းရာတခုမဟုတ်တခု ငြင်းနေရတဲ့သူငယ်ချင်းနဲ့ ဒီနေ့လဘက်ရည်တိုင်မှာ ထိုင်မိတော့လဲ အမြင်မတူတာကို ငြင်းကြရပြန်တာဘဲ ။ငြင်းလိုက်တိုင်းလဲ သူလဲမနိုင် ကိုယ်လဲ အရှုံးမပေးနဲ့ ဘယ်တော့မှ ပွဲမပြီး အဆုံးမသတ်ကြဘဲအချိန်ကုန်ကြရတယ် ။
  လူတိုင်းငြင်းခုံတတ် ကြတာပါ ။သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမျိုးမှာ အများဆုံးငြင်းခုံတတ်ကြပါတယ်။ အဓိကငြင်းခုံရတဲ့ အကြောင်းအရာတွေဟာ သူလဲသိ ကိုယ်လဲသိထားတဲ့ အကြောင်းတွေဖြစ်တတ်ပါတယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင်မတူတော့တာနဲ့ ငြင်းခုံမှုဟာ စတော့တာပါဘဲ ။ တယောက်ယောက်က အလျှော့ပေးလိုက်မှ ဒါမှမဟုတ် အခြား ပြောစရာအကြောင်းပြောင်းသွားတော့မှ ငြင်းခုံတာပြီးသွားတတ်တယ်။ နို့မဟုတ်လို့ကတော့ အချိန်ကုန်သွားတဲ့အထိ မပြီးမဆုံး ငြင်းခုံနေကြရမှာ ။
   ဒီလို ငြင်းခုံတဲ့ အလေ့အထဟာ ဘယ်အချိန်ကစပေါ်လာတယ်ဆိုတာ သေသေချာချာ မှတ်တမ်းမတွေ့မိပေမဲ့ လူတွေရှိနေသ၍တော့ ငြင်းခုံမှု အငြင်းပွါးမှုတွေကတော့ အဆုံးမရှိ ဖြစ်နေကြအုံးမှာပါဘဲ။
  ငြင်းခုံကြတဲ့ အကြောင်းပေါ်မှာ အခြေခံပြီး မသိသေးတဲ့ အကြောင်းတွေ သိရတဲ့အတွက် အကျိုးရှိသလို တယောက်ကိုတယောက် အလျှော့မပေးလို့ အမုန်းပွားရတာတွေ မိတ်ပျက်ရတာတွေလဲ ရှိပါတယ် ။
  အဲသည်လို ငြင်းခုံတာတွေဖြစ်လာရင် ကြေကြေနပ်နပ်နဲ့ အလျှော့ပေးလိုက်တဲ့သူမျိုးတွေ့ဖူးကြလားမသိဘူး။ ရှားရှားပါးပါး ကြုံဖူးကြမယ်ထင်ပါတယ် ။စာဖတ်သူကော အဲလို ကြေကြေနပ်နပ်နဲ့ "ခင်ဗျားပြောတာမှန်တယ် ကျွန်တော်မှားနေတာပါဗျာ " ဆိုပြီး အလျှော့ ပေးခဲ့ဖူးတာ ဘယ်နှစ်ကြိမ်လောက် ရှိခဲ့ဖူးပါသလဲ။ လျှော့ပေးလိုက်ရင်တောင် နောက်တကြိမ် ငါနိုင်အောင် ငြင်းရမယ် ဆိုတာမျိုးလေးတော့ တွေးမိမှာ ။ 
   ငြင်းခုံကြတဲ့ အကြောင်းရင်းကဘာလဲပေါ့ ။ စဉ်းစားကြည့်ရအောင်ပါ ။ ဒီကိစ္စ ငါသိတယ် ဆိုတာလား ။ ငါသိထားတဲ့ အကြောင်းက အမှန်ဘဲ ဆိုတာလား ။ ငါ့ယူဆချက်တွေက အမှန်တွေပါ ဆိုတဲ့ ဆရာကြီးလုပ်ချင်တာလား ။ ကိုယ့်ကို ဆရာကြီး အလုပ်မခံချင်တာလား ။ အမြဲအနိုင်လိုချင်နေတဲ့စိတ်လား။ တယူသန်ပြီးကိုယ့်အယူအဆကို တရားသေ စွဲကိုင် နေတာကြောင့်လား ။
   ငါ ဆိုတဲ့ စိတ်စွဲ ကြီးလွန်းလာလေလေ ငြင်းခုံတဲ့နေရာမှာ အလျှော့ မပေးနိုင်လေလေ ဘဲ ။အလျှော့မပေးနိုင်ဘဲ ငြင်းခုံတာ ကြာလာလေလေ အနိုင်လိုချင်စိတ် ကြီးလာလေလေပါ ။ အနိုင်လိုချင်စိတ် ကြီးလာတာနဲ့ အမျှ စကားကို မဆင်ခြင်နိုင်တော့ဘဲ ဖြစ်လာတတ်တယ် ။
   ပြောသင့်မပြောသင့် မစဉ်းစားတော့ဘဲ အနိုင်လိုချင်စိတ်နဲ့ ငယ်ကျိုးငယ်နာတွေ ပြောမိတတ်တယ်။ အဲသည်ငယ်ကျိုးငယ်နာတွေကို  မကြားသင့်တဲ့သူတွေကြားပြီး ပြဿနာ မဖြစ်သင့်ဘဲ ဖြစ်လို့ မိတ်ပျက်ရတတ်တယ် ။
  ဒီလိုငြင်းခုံမှုတွေဟာလူမှုဆက်ဆံရေးနယ်မှာ တကယ်အကျိုးမရှိတဲ့ အလုပ်ပါ ။ မိတ်ဆွေတိုးမလာနိုင်ပါဘူး။ ဘေးနားက နားထောင်နေတဲ့ သူတွေဟာ ငြင်းခုံတတ်တဲ့သူနဲ့ ရင်းနှီးရမှာ စကားပြောရမှာ ရွှံ့လာကြမှာ။ မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရမှာ ကြောက်နေကြမှာပါ ။ ဖြစ်နိုင်ရင် ပတ်သက်ချင်မှာ မဟုတ်ဘူး။လာပြီးပတ်သက်တဲ့သူ ဝင်ရောက်ငြင်းခုံဆွေးနွေသူရျိတယ်ဆိုရင်လဲ အဲဒီလူဟာ ကိုယ်လို အငြင်းသန်သူတယောက်ဘဲဖြစ်လိမ့်မယ်။
  Charles Akara ရဲ့  The Foolish,The Clever and The Wise ဆိုတဲ့ စာအုပ်ကို "ဒေါက်တာခင်မောင်ညို " ဘာသာပြန်ထားတဲ့ "အရူး လူတော်နှင့် ပညာရှိ "ဆိုတဲ့ စာအုပ်မှာ ငြင်းခုံတာနဲ့  ပါတ်သက်ပြီး ရေးထားတာလေးဖတ်ရတယ် ။
 "The foolish like to argue; They only create conflicts and contradictions, instead of gaining knowledge."
 "အရူးတွေဟာ ငြင်းခုံရတာ သဘောကျတယ်။သူတို့ဟာ ပညာရရှိဖို့ဆောင်ရွက်ရမဲ့အစား အတိုက်အခံနဲ့ အခြေအတင်ဖြစ်အောင် ဖန်တီးကြတယ်။"
"The clever like to ask.They create relationship and gain knowedge."
"လူတော်တွေကကတော့ မေးခွန်းတွေ မေးတတ်ကြတယ် ။သူတို့ဟာ ဆက်သွယ်မေးမြန်းရာမှပညာတွေရလာကြတယ်"
" The wise tend to remain silent; They observe deeply. And propose the appropriate."
"ပညာရှိတွေကတော့ ဆိတ်ဆိတ်နေလေ့ ရှိကြတယ်။သူတို့ဟာ နက်နဲစွာ လေ့လာဆန်းစစ်တယ်။ နောက်သင့်တော်တာကို အကြံပြုတယ် ။"
 ဒီတော့ အကျိုး မရှိဘူး။ဖြစ်နိုင်ရင်တော့ မငြင်းပါနဲ့။တဘက်လူပြောသမျှကို လိုက်ငြင်းမနေဘဲ ကိုယ့်ရဲ့ အမြင် ကိုယ့်ရဲ့ အယူအဆကို သူနားလည်လက်ခံလာအောင် ပြောပြပေးပါ ။ ပြောရလက်ဝင်နေတယ်ဆိုရင် အချိန်ယူပါ ။ဒီတခါ ပြောပြ၍ မရလျှင် နောင်တခါဆုံချိန်မှာ ပြောနိုင်အောင် ကြိုးစားပါ။

နွေဦး တွေးမိတာလေး ရေးထားတာပါ...။



Tuesday, September 25, 2012

ခေတ်ပြောင်းသွားလိုက်တာ....


 တယ်လီဖုန်းတွေစပေါ်တယ်ဆိုတဲ့အခါက ရန်ကုန်မှာ အော်ပရေတာက တဆင့် ခေါ်ပြီးပြောရတဲ့ဖုန်းအမျိုးအစားပါ ။သူ့မှာပါတဲ့ ဂေါက်တံလေးကို ခပ်သွက်သွက် ခပ်များများလှည့် ပြီး ဖုန်းခွက်ကို မပြီး အော်ပရေတာ ပြန်ထူးတာကို စောင့်ရပါတယ်။အော်ပရေတာပြန်ထူးမှ ဆက်လိုတဲ့ နံပါတ်ကို ပြောရတယ် ။ခဏစောင့်ပြီး ဟိုတဖက်က ပြန်ထူးလို့အဆက်အသွယ်ရမှ ဖုန်းပြောတဲ့ကိစ္စကို လုပ်ရတာပါ ။




 ဒီခေတ် တယ်လီဖုန်းကတော့ အော်ပရေတာမလိုတော့ဘဲ ကိုယ်တိုင် ဆက်လိုတဲ့ နံပါတ်ကို လှည့်ပြီး ဆက်ရတဲ့ခေတ် ရောက်လာပါပြီ။ ဒါပေမဲ့ ဆက်သွယ်ရမဲ့သူရဲ့ ဖုန်းနံပါတ်နဲ့ နံမယ်တွေကိုတော့ စိတ်ထဲမှာ ဒါမှမဟုတ် စာအုပ်ထဲမှာ မှတ်ရတယ်။




 ခေတ်ပြောင်းသွားတော့ ဟိုအရင်လို လူနာမယ်တွေနဲ့ ဖုန်းနံပါတ်တွေကို စာအုပ်ထဲမှတ်စရာ မလိုတော့သလို တယ်လီဖုန်းရှိတဲ့ နေရာကို သွားပြီးဆက်စရာလဲမလိုတော့ဘူး။
ကိုယ်နဲ့မကွာ ပါလာသလို တယ်လီဖုန်းဆက်တဲ့ အလုပ်အပြင် တခြား အသုံးဝင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေကိုပါ မှတ်လို့ရသလို
ရုပ်ရှင်ကြည့် သီချင်းနားထောင်လို့ရလာတောတယ်။

ဟိုအရင်လို အသံနဲ့ ဆက်သွယ်လို့ရရုံမက ရုပ်ကြည့်ပြီးပါ ဆက်လို့ပြောလို့ရလာတယ်။


အော် ..နှစ် လေးငါးဆယ်အတွင်းပြောင်းလဲသွားလိုက်တာ.....။

 









တီထွင်မှုတွေက တဦးနဲ့တဦး အပြိုင် အဆိုင် အသစ်  အသစ်တွေတီထွင်လာတဲ့ အခါကြတော့.....









နောင်လာမဲ့ လေးငါးနှစ်ဆို ဒီလိုဖြစ်လာမလား....။





Friday, August 24, 2012

အင်္ကျီဟောင်းတစ်ထည်နဲ့ကျွန်တော်


တကယ်တော့ ဒါဟာ ဒုက္ခ မဟုတ်ပါဘူး ။ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စ လည်းမဟုတ်ပါဘူး ။အင်္ကျီ တထည်ရဲ့ လမ်းဆုံးကို ဘယ်လို အဆုံးသတ်ပေးရကောင်းမလဲလို့ တွေးမိတာပါ ။
တွေးမိတဲ့အတိုင်း ကျွန်တော် အဆုံးသတ်ပေးလိုက်ပါပြီ
ပြောရရင်တော့ ဒီအင်္ကျီ စဝယ်ပြီးကထဲက တခါမှတွေးထားမိခဲ့ဖူးဘူး ။ ဝယ်ပြီးစ အသစ် ပွဲနေပွဲသွား ခပ်ကြွားကြွားလေး ဝတ် ဟိုသွားဒီသွား မနားတမ်းလဲ ဝတ်ဖြစ်လေရဲ့ ။ တွေ့တဲ့သူတွေကလဲ ဒီအင်္ကျီလေးကို ကောင်းတယ် မကောင်းဘူး အမျိုးမျိုး ပြောတတ်ကြတယ် ။ဒီလိုနဲ့ဘဲ ကြာလာတော့ အင်္ကျီလေးက ဟောင်းလာတော့တာပါဘဲ ။ ဟောင်းလာတဲ့ အင်္ကျီကို သိပ်မဝတ်ဖြစ်တော့ဘူး ။ဟိုနားဒီနား ထသွားထလာ လောက်တော့ တခါတရံ ဝတ်ဖြစ်သေးတယ်ပေါ့ ။
အင်္ကျီအသစ်တွေ နောက်ထပ်နောက်ထပ် ဝယ်ဖြစ် ဝတ်ဖြစ် ဒီလိုဘဲ အသစ်အသစ်တွေက တဖြည်းဖြည်း ဟောင်းဟောင်းသွားကြတယ် ။ ဒါ့ကြောင့်လဲ အဝတ်ဘီဒိုထဲ အဝတ်ဟောင်းတွေနဲ့ ပြည့်လာတော့တာပေါ့ ။
ဒီနေ့တော့ မဝတ်ဖြစ်တာကြာလှပြီဖြစ်တဲ့ အင်္ကျီတထည်ကို ထုတ်ကြည့်မိပြီး ရှည်ရှည်ဝေးဝေး အတွေးတွေ ရှည်သွားမိတယ် ။ အရမ်းကြီး မစုတ်ပြဲသေးတော့ အမှိုက်တောင်းထဲ ထည့်ပြီးလဲ မလွှင့်ပစ်ချင်ဘူး ။ မီးဖိုချောင်ထဲပို့ပြီး လက်နှီးစုတ် လက်ခု အဖြစ် သုံးရရင်ကောင်းမလားပေါ့ ။ဒီလောက်ထိလဲ ဒီအင်္ကျီက စုတ်ပြတ်မနေ သေးဘူး ။ လက်နှီးစုတ်လုပ်ဖို့ကလဲ သူ့ထက် စုတ်နေတဲ့ စွပ်ကြယ်စုတ်တို့ ပုဆိုးစုတ်တို့ ကို သုံးဖို့ ထုတ်ထားပြီးပြီ ။
ကောင်းတာက မရှိတဲ့ အရပ် က နွမ်းပါးသူတွေ ဒုက္ခရောက်နေတဲ့ သူတွေကို ပေးသင့်တာပေါ့နော် ။ ဟောင်းနေပေမဲ့ အတိုင်းတာ တခုထိတော့ အသုံးဝင်မှာပါ ။နောက်ဆုံး လက်နှီးစုတ်ဖြစ်တဲ့ အချိန်ထိတော့ တန်ဘိုးတခု ဖြစ်နေဦးမှာမဟုတ်လား ။
ဒါပေမဲ့……
ကျွန်တော့်ရဲ့ အင်္ကျီဟောင်းတထည်ကို မီးရှို့ ဖျက်ဆီး ပစ်လိုက်ပြီးအဆုံးသတ်လိုက်ပါတယ်


စာဖတ်သူ……
မီးရှို့ပြီး အဆုံးသတ်ပေးလိုက်တဲ့ ကျွန်တော့်ရဲ့ အင်္ကျီလေးကို နှမျော သွားပါသလား  ။
ဒီလို အင်္ကျီ ကို အသုံးဝင်တဲ့ဆီ မပေးကမ်းဘဲ မီးရှို့လိုက်တဲ့ကျွန်တော့်ကို ဥာဏ်မရှိတဲ့ အရူးလို့ သတ်မှတ် ပါသလား ။
ကျွန်တော် ကျေနပ်စွာ ခံယူပါတယ် ။ ကျွန်တော် မီးရှို့လိုက်တဲ့ အင်္ကျီတန်ဘိုးက မပြောပလောက်ပါဘူး ။
ဒီလောက်လေးအပေါ်မှာတောင် စာဖတ်သူက နှမျောတတ် ဒီလို မဆင်မခြင် လုပ်သူကို အရူးလို့ ဝေဖန်သတ်မှတ် လိုက်တယ်ဆို ကျွန်တော် ကြေနပ်ပါတယ် ။

အော်..ဒါထက်စကားမစပ်  .. /… ကားတွေ ဖျက်သိမ်းဖို့ အပ်ရတော့မယ် ကြားတယ်ဗျာ..

Tuesday, August 21, 2012

မိုးရွှဲရွှဲ ကြားက မော်လမြိုင် ခရီး

နေ့လယ်စာ စားလို့ကောင်းတဲ့ဆိုင်

ဈေးချိုမီးပွိုင့်နားမှာပါ 

မိုးရွာပေမဲ့ ဈေးကတော့ ဖွင့်ပါတယ် 

အပေါ်ဈေး ပေါ်က ကြည့်တဲ့အခါ ..

ဆိုင်ကယ်တဖက် ကားတဖက်ပေါ့

Add caption

မိုးရေထဲ အောက်ဈေးကြီး

မော်လမြိုင် အောက်ဈေး

ဈေးကြီးအောက်လမ်း

တချိန်က နာမည်ကြီးတဲ့ ရွှေတောင်လမ်း

လူသွားလာနည်းပေမဲ့ ခွေတွေနဲ့ စည်ကားနေတဲ့ အောက်လမ်းမကြီး

ရေခဲမုန့်လှည်း မဟုတ်တဲ့ ခေတ်မှီသွားတဲ့ ဆိုင်ကယ် ဆိုင်

အောက်လမ်းမကြီး က မိုးထဲရေထဲ စိုရွှဲရွှဲ..

ဟင်းမျိုးစုံနဲ့ စားချင်စဖွယ်ဆိုင်

မော်လမြိုင် ဟင်း..

တို့စရာ စုံ.


နွေဦးရဲ့ ခရီးတခေါက် အမှတ်တရ...။