Friday, April 24, 2015

V VIP ငရဲ


ရှေးအခါက နံမယ်ကြီး ခရိုနီ တယောက် သေသွားတော့ ငရဲပြည် ကို ရောက်သတဲ့ ။

သူဟာလူ့ဘဝတုန်းက မတရားရှာခဲ့တဲ့ ပိုက်ဆံ တွေနဲ့ ဘုရားတည် ကျောင်းဆောက်ကုသိုလ် ကောင်းမှုတွေ လုပ်ခဲ့ပေမဲ့မစင်ကြယ်ခဲ့လို့ ထိုက်သင့်တဲ့ ငရဲ ကို ခံရမှာပေါ့ ။

ဒီ ခရိုနီလူကြီးက ဘယ်နေရာရောက်ရောက် ဘယ်လူကြီးနဲ့ တွေ့တွေ့ အထာ ညက်အောင် ပေါင်းတတ်တော့ လူ့ဘဝမှာ အတော် အဆင်ပြေခဲ့တာပေါ့ ။

ခုလဲ ငရဲပြည်ရောက်တော့ ငရဲပြည်မှာ ငရဲ မင်းကြီးဟာ အခရာ ဆိုတာ ကောင်းကောင်းသိတာပေါ့..။
ဒီတော့ သူ့ပညာတွေ အစွမ်းကုန် ထုတ်သုံးပြီး ငရဲဒဏ် ကို သက်သက် သာသာ ခံရအောင် ကြံဖန်တော့တာပေါ့..။
သူပြောသလိုပြောရရင် ငရဲမင်းလဲ ဘာသားနဲ့ ထုထားလို့လဲ ပါးစပ် ပါတာဘဲမဟုတ်လား .. စည်းရုံးလို့ ရတာပေါ့..။

ခရိုနီကြီးရဲ့ အပြစ်တွေက ကြီးတော့ အဝီစိ ငရဲ နဲ့ ငရဲ ကြီး ရှစ်ထပ်မှာ တော်တော် ကြာကြာခံရမှာပေါ့..။
ဒါပေမဲ့ သိတဲ့အတိုင်း ခရိုနီကြီးရဲ့ အပိုင် ပေါင်းထားလို့ သူ့အတွက် အထူးငရဲ VIP ငရဲ ကို ပြောင်းပြီးခံစားဖို့ အမိန့်ချလိုက်တယ်တဲ့ ။

 VIP  က လွတ်မဲ့ရက် သတ်မှတ် ချက် မရှိဘူး လူသစ် ဝင်လာရင် လွတ်တယ် တဲ့ ။ ပြီးတော့ ကိုယ်အဆင်ပြေမဲ့ ငရဲ ခန်း ကို ကိုယ်တိုင် ရွေးပြီး ခံနိုင် တဲ့ အခွင့်အရေးလဲ ပေးထားတယ်တဲ့ ။
စိတ်လက်ပေါ့ပါးသွားတဲ့ ခရိုနီကြီးက သူ့ကို လိုက်ပို့ပေးတဲ့ ငရဲသားနဲ့ အတူ ငရဲမင်းကြီးရုံးက ထွက် ပြီး သူခံစားရမဲ့ ငရဲခန်းတွေကို သွားကြည့်တာပေါ့ ။

ငရဲကြီး ရှစ်ထပ် ကို ဖြတ်သွားတဲ့အခါ လူ့ဘဝက သူ့အပေါင်းအဖေါ်တွေ ငရဲမီး ငရဲခွေး ဒါးလှံ စက်လက်နက်တွေနဲ့ ငရဲခံနေရတာတွေ ကို တွေ့ပြီး ကြက်သီးမွေးညှင်းတွေ ထလာသတဲ့ ။ ဒါပေမဲ့ သူခံရမဲ့ VIP ငရဲက ဒီလို ဆိုးဝါးမှာ မဟုတ်ဘူးလို့လဲ တွေးနေတာပေါ့ ။ ဆိုးဝါးမယ်ဆိုလဲ အသက်သာဆုံး ငရဲ ကို ရွေးပြီး ခံမယ်ပေါ့ လို့ တွေးပြီး ငရဲသား ခေါ်ရာ VIP ငရဲခန်းဘက်ကို ဆက်လာခဲ့ကြတာပေါ့ ။

သူထင်ထားသလိုဘဲ VIP ငရဲ မှာ ငရဲသားတွေက ကိုယ်ပိုင် အခန်းတွေနဲ့ သီးသန့် ငရဲ ခံစားနေကြရတာ တွေ့ရတာပေါ့ ။ အခန်းတခန်းမှာတော့ သူ့မိတ်ဆွေ ပါမစ် ခရိုနီကြီးက ကားတွေနဲ့ အတိုက်ခံနေရပြီး အော်သံတွေနဲ့ ဆူညံနေသတဲ့ ။ နောက်တခန်းက ကန်ထရိုက် ခရိုနီကြီး ကတော့ တိုက်တွေပြိုကျပြီး ပိလိုက် တံတားကျိုး ကျပြီး ပိလိုက် နဲ့ ငရဲခံနေရတာတွေ့သတဲ့ ။

သစ်လုံးတွေကြားထဲ ညှပ်ပြီး လှိမ့်ပိတ်ခံနေတဲ့ခရိုနီကြီးတွေ ကွန်တိန်နာပုံးတွေနဲ့ ထုထောင်းခံနေရတဲ့ ခရိုနီကြီးတွေ စက်ပင်နီယံတွေနဲ့ ကြိတ်ဖြတ် ခံနေရတဲ့ ခရိုနီကြီးတွေကို တွေ့တော့ သူ့ဘော်ဒါတွေက ငရဲမင်းကြီးကို ပိုင်အောင် မပေါင်းကြဘဲကိုး လို့ တွေးမိသတဲ့ ။

ဒါတွေတွေ့တော့ သူ့ကို လိုက်ပို့တဲ့ ငရဲသားကို ဘာညာဘာညာ တွေလုပ်ပြီး ဒီငရဲထက် နည်းနည်း အဆင့်မြင့် တဲ့ ငရဲခန်းတွေကို လိုက်ပြခိုင်းသတဲ့ ။ ဒီတော့ ငရဲသားကြီးကလဲ ဘာညာဘာညာ ဆိုတော့ ပိုကောင်းတဲ့ V VIP ငရဲခန်း သုံးခန်း ရှိတဲ့ အကြောင်း ဒီသုံးခန်း ကို ရွေးမယ်ဆို နောက်ပြန်လှည့်ပြီး ရွေးလို့မရတဲ့ အကြောင်း သေခြာ ဆုံးဖြတ်ဖို့လိုကြောင်း နောင် လူစားဝင်ဖို့ တော်ရုံ မဖြစ်နိုင်ကြောင်း တွေကို အာရကေ မျက်နှာနဲ့ သေခြာရှင်းပြပါသတဲ့ ။

ခရိုနီကြီး ကလည်း ငရဲခံရတယ် ဆိုတာ ထက်တော့ ပိုမကောင်း နိုင်တော့ဘူးလို့ တွေးမိပြီး သဘောတူလိုက်သတဲ့ ။ ဒါနဲ့ ငရဲသားကြီးခေါ်တဲ့နောက် လိုက်သွားတာပေါ့ ။ 

V VIP ငရဲခန်းရှေ့ ရောက်တော့ သူကြားနေကြသူ့ မိတ်ဆွေ ခရိုနီကြီးရဲ့ အောင်မြင်ခန့်ညားတဲ့ အသံကြီးနဲ့ ကာရာအိုကေ ဆိုနေသံကို ကြားတော့ အတော် အားတက် သွားသတဲ့ ။ ဒါနဲ့ အခန်းထဲကို ချောင်းကြည့်လိုက်တဲ့အခါ စတိတ်စင်ပေါ်မှာ မိုက်ခဲရင်း ငရဲမီး ပန်းကုံးတွေ တခုပြီးတခု အစွပ်ခံရင်း ငရဲ ခံစား နေတာတွေ့ရတယ်တဲ့ ။

နောက်တခန်းကိုတော့ အရဲစွန့်ပြီး ရွေးအုံးမယ် ဆိုပြီး နောက် တခန်းကို ပြောင်းကြသတဲ့ ။

နောက်တခန်းရောက်တော့ သူကြိုက်တဲ့ အသံမျိုး နဲ့ အံကြိတ် ပြီး ငြီးငြူ သံကို ကြားတော့ ချက်ချင်း သူပြုံးသွားတယ် ။ ဒီအသံဟာ ဘယ်လို အခြေအနေမျိုးမှာ ကြားတတ်တယ်ဆိုတာ ခရိုနီကြီးက ကောင်းကောင်းသိတယ်လေ ။ သေခြာပေမဲ့ ပိုပြီးသေခြာအောင် အခန်းထဲ ကို ချောင်းကြည့် လိုက်တယ် ။ သူထင်သလိုဘဲ အခန်းထဲ မီးမှိန်မှိန်နဲ့ ချစ်ရည် လူးနေတဲ့ စုံတွဲ ကို တွေ့ သတဲ့ ။

ခရိုနီကြီးလဲ ရှေ့ဆက် ဖို့ မကြိုးစားတော့ဘဲ လိုက်ပို့တဲ့ ငရဲသားကြီးကို လက်ဝါးချင်းရိုက်လိုက် ပြီး  ဒီငရဲခန်းမှာဘဲ သူငရဲခံတော့မယ်လို့ ငရဲသားစိတ်မပြောင်းခင် အပိုင် ချည် လိုက်သတဲ့ ။
ဒါနဲ့ ငရဲသားကလည်း အခန်းတံခါးကိုဖွင့် သူ့ကို အခန်းထဲ ထည့်ပြီး အထဲက ငရဲခံနေသူကို လှမ်းခေါ်လိုက် သတဲ့…။
“ဟို အထဲက ကောင်မလေး ထွက်ခဲ့တော့ နင့်အစား ငရဲခံမဲ့သူရောက်ပြီ.. နင်လွတ်ပြီ….” တဲ့  ။

ငရဲဘေးမှ ကင်းဝေးပြီး
ရွှင်လန်းနိုင်ကြပါစေ…။

နွေဦး ပြောတဲ့ ပုံပြင် ။