Friday, May 18, 2012

ခံစားချက်များနှင့် တို့တိုင်းပြည်

အစတော့ ပြော့ပြော့ လေး လူစုံ ...။

 သုံးဆယ် အစိတ် နှစ်ဆယ် ဆယ့်ငါးသိန်း တတိတိနဲ့ တနှုံ့နှုံ့ ခံစား ခဲ့ရတာ ဟော...ငါးသိန်းဖုန်း ရပြီလဲဆိုရော အုံးအုံးကြွက်ကြွက်နဲ့ ပျော်ပြီး ဝယ်ကြ သုံးကြလိုက်တာ ။
 တချို့လဲ ရှိစုမဲ့စု ငွေလေး မပြည့်သေးလို့ အားခဲပြီး ကြိတ်စုစုနေကြတာ ။
 ပြည့်ရင် အပြေးအလွှား ဝယ်သုံးကြမယ်ပေါ့လေ ။
 အပြောင်းအလဲတွေဖြစ်လာပြီး နိုင်ငံတော်ရဲ့ စေတနာ လို့ ဆိုပြီး တနိုင်ငံလုံး ဖုန်းအလုံး သန်း၄၀ စီမံကိန်းကြီးနဲ့ နှစ်သိန်းတန် ဖုန်း တွေ ရောင်းပေးလိုက်တယ် ။

 အခြေခံ လူတန်းစားတွေက အစ အဆင်ပြေပြေ သုံးနိုင်တဲ့ သူတွေ မြို့ရော နယ်ပါ ပျော်တပြုံးပြုံး သုံးလိုက်ကြတာ နိုင်ငံတော်ရဲ့ စေတနာ ကိုး ။

 အရင် သုံးဆယ် အစိတ် နှစ်ဆယ်က အစ တဆယ့်ငါးသိန်း ငါးသိန်း နဲ့ ဝယ်ထားသူတွေ မခံစားရဘူးလို့ မပြောကြပါနဲ့နော် ။
 ပြော့ပြော့ လေးနဲ့ ခံရမှန်းမသိ ခံလိုက်ကြရတယ် ။

 မပြီးသေးပါဘူး... ။ ခံစားချက်လေးတွေကို အရှိန်မြှင့်ပေးဘို့
 နောက်ထပ် ဇွန်လထဲမှာ ကျပ်တသိန်းတန် ..
 နောက်ဆုံး ကျပ်ငါးထောင် တန်တွေကလဲ .. စောင့်နေသေးတယ်..။
 ဒါကတော့ ပြော့ပြော့လေး လူစုံ ခံစားချက်လေးပေါ့ ။

 ကြားထဲက ခပ်ဆတ်ဆတ်လေး ရိုက်ချက်...။

 အား ကနဲ့ အော်သံ မကြားလိုက်ရပေမဲ့ ကားကနဲ ထိသွားကြတာ ..။
 ဟုတ်ပါတယ် ။ သိန်း ထောင်ကျော် တန်ဘိုးမြင့်ကားတွေပေါ့ ။
 နိုင်ငံတော်ရဲ့ စေတနာပါ ။
  ပြည်သူလူထုက ကားဟောင်းတွေကို တန်ဖိုးကြီးပေး အကောင်းလုပ် ပြီးစီးနေကြတော့ မကြည့်ရက်ဘူးလေ ။
 စီးနေတဲ့ ကားဟောင်းတွေကို သံရည်ကြိုစက် ပို့လိုက် ။ ကားအသစ်တင်သွင်းခွင့် ပြုပြီး လဲစီးစေတာပါ ။

 ကားတင်သွင်းဘို့ ကားဟောင်းအပ်ဘို့ စီစဉ် ညွှန်ကြားချက်တွေ စနစ်တကျ မရှိတာတွေကြောင့် တတိတိ တအိအိ ပြိုကျလာတဲ့ ဈေးကွက်ကြောင့် လှုပ်လှုပ် ရှားရှား ဖြစ်နေကြပြီ ။
 နယ်က လူတွေက တထောင်ဘိုးခြောက်စီး ဆိုလို့ အပြေးအလွှား မြိုင်မြိုင် ဆိုင်ဆိုင် အပြိုင် ဝယ်နေကြပြီ ။

 အရင် သိန်းထောင်ကျော် ဝယ်ထားသူတွေရဲ့ ရင်ထဲက ခံစားချက် သံစဉ်လေးတွေ ဒီရက်တွေမှာ အပြင်ကို လျှံထွက်နေသံ ကြားနေရပါပြီ ။
 ဒီတခါ နိုင်ငံတော်ရဲ့ စေတနာ ကတော့ ခပ်ဆတ်ဆတ် လေး ခံစားရပြီပေါ့ ။
 ခံစားချက် သံစဉ်လေးတွေကနေ ပေါက်ကွဲ သံစဉ် ဖြစ်လာဘို့ အရှိန်မြှင့် ပေးမဲ့ နိုင်ငံတကာ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွေ ကလဲ.. မကြာမှီ လာမည် မျှော်.. ဆိုပြီးစောင့်နေလေရဲ့ ။
 ဒီအဆင့် မှာတင် နိုင်ငံတော်ရဲ့ စေတနာကို ခံစားမိကြလို့ ပြီးပြီ မထင်ကြပါနဲ့အုံး ။ နောင်လာလတံ့ တွေ ကရှိသေးတယ် ။

 တကယ်တော့ ဒါတွေဟာ နိုင်ငံတော် အစိုးရရဲ့ အမှားတွေ ချည်းဘဲလို့ အပြစ်တင်လို့ မရပါဘူး ။
 လက်ရှိ အစိုးရ က အမှန်တကယ် စေတနာ နဲ့ လုပ်ပေးတဲ့ လုပ်ရပ် မှန်ပါ ။
 ဖြစ်ခဲ့တာက အခြေခံ မကောင်းခဲ့လို့ပါ ။ အခြေခံဆိုတာ အရင်ခေတ်အဆက်ဆက်က ချခဲ့ကြတဲ့ လုပ်ရပ်တွေပါ ။
ဖုန်းဈေး ကားဈေးတွေဆိုတာ နိုင်ငံတကာ ထက် အလွန်အမင်းမြင့်နေတာ ။
 နိုင်ငံတော်က ရတဲ့ အခွန်အခထက် ပုဂ္ဂလိက အကျိုးအမြတ်က အလွန် များခဲ့တယ်မဟုတ်လား ။
 ဒါတွေဖြစ်လာဘို့ လူတချို့က ငွေကြေးဈေးကွက်ကို ရှိသင့်တာထက် လွန်လွန် ကျွံကျွံ မြှင့်ခဲ့ကြတယ် ။
 ဥပမာ တဒေါ်လာ တရာကျပ်လောက်ကနေ တထောင်ကျပ် လောက်ဖြစ်စေခဲ့တယ် ။

 ဒီဖြစ်စဉ်တွေရဲ့ အကျိုးဆက်က စီးပွါးရေးပေါက်ကွဲ မှု ကြီး ဖြစ်လာအောင် တွန်းအားပေးနေပြီ ။
 ငွေကြေး ဈေးကွက် ဈေးနှုန်းတွေ ပြောင်းလဲဘဲ မတည်ငြိမ်ဘဲ နိုင်ငံတော်ကြီး ပြောင်းလဲဘို့ဆိုတာ မဖြစ်နိုင်ပါဘူး ။
 အခုပြောင်းလဲရမဲ့ နိုင်ငံတော်က အရင်ခေတ်ကလို တကိုယ်ထည်းထည်း ရပ်တည်လို့ မရပါ ။

 အာဆီယံ ဈေးကွက် နိုင်ငံတကာဈေးကွက် တွေနဲ့ ဆက်နွယ်ပြီး တိုးတက်ပြောင်းလဲရမဲ့ အခြေအနေပါ ။

 ဒီလိုပါတ်သက်လာရင် ကိုယ့်ငွေကြေးက အခြေခံ ခိုင်မာဘို့လိုအပ် လာပြီ ။
 အဲဒီအတွက် ပြည်တွင်း သယံဇာတ ပိုင်ဆိုင်မှု အခြေခံတွေက တန်ဘိုးတခု နဲ့ တည်ငြိမ်နေရမှာပါ ။

 လက်ရှိ ဈေးကွက်မှာ ဖြစ်နေတဲ့ အိမ် ခြံ မြေ ဈေး ကားဈေး ရွှေ ဈေးတွေက လက်ခံနိုင်တဲ့ ဈေး တည်ငြိမ်တဲ့ ဈေး ဖြစ်ပြီလား ။
 မဖြစ်သေးဘူးဆိုရင် ဖြစ်မှ ရမှာပါ ။
 သူ့ဖါသာသူ ဖြစ်သွားနိုင်ပါ့မလား ။
 မဖြစ်ခဲ့ရင် ဖြစ်အောင် အားတခု ရှိရမှာပါ ။
 ဒီအားကို ဘယ်သူဖန်တီးမလဲ ?။
 ပြင်းထန်တဲ့အားနဲ့ ပေါက်ကွဲမှု တွေ ဖြစ်မလာနိုင်ဘူးလား ။

 ခုလောလောဆယ်တော့ တို့တိုင်းပြည်က ခံစားချက်များနဲ့ ပေါ့ ။

Wednesday, May 9, 2012

မှတ်မိတဲ့ အကြွေစေ့ လေးများ


တမူး တပဲ ခေတ်က သုံးခဲ့တဲ့ တမူးစေ့ နဲ့ တပဲစေ့
ပန်းဘက်
ခေါင်းဘက်
တကျပ် ငါးမူး တမတ် ဆယ်ပြား ငါးပြား ခေတ်
ပန်းဘက်
 ခေါင်းဘက်
ဟိုတုန်းကတော့ သူ့တန်ဘိုးနဲ့ သူ အတော်လေး တန်ဘိုးထားပြီး သုံးစွဲကြတာပေါ့ ။

Tuesday, May 8, 2012

တိုင်သာတိုင် , ကိုယ်တိုင်ကမှန်ရဲ့လား

"ဧည့်စာရင်းကြောင့် ဈေးသည် ၃၀၀၀ အလုပ်လက်မဲ့ဖြစ်မည်" ဆိုတဲ့ ဧရာဝတီ ဘလော့ က သတင်းလေးဖတ်ရတော့ စိတ်ထဲဘဝင် မကျတာလေးတွေ တွေးမိ ရေးမိတာပါ ။

" မန္တလေးမြို့ ၈၄လမ်းနှင့် ၈၅လမ်းကြား ၂၉လမ်းတစ်လျှောက် ရောင်းချလျက် ရှိသော ပျံကျဈေးသည်များကို နေရာဖယ်ရှားပေးရန် တိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သိရသည်။


ဈေးအတွင်း ညပိုင်း ခြင်ဆေးခွေနှင့် ဖယောင်းတိုင် ထွန်းသည့်အတွက် မီးဘေး အန္တရာယ်ရှိခြင်း၊ လမ်းများတွင် ကုန်ပစ္စည်းများ ပိတ်ဆို့ခြင်းနှင့် ဒေသရပ်ကွက်က လက်မခံခြင်းတို့ကြောင့် ဖျက်သိမ်းခိုင်းခြင်း ဖြစ်သည်ဟု အကြောင်းပြထားသည်ဟု ဆိုသည်။ ထိုကြေညာချက်ကြောင့် ယင်းဈေးရှိ ဈေးသူ ဈေးသား သုံးထောင်ကျော် မကျေမနပ်ဖြစ်လျက် ရှိသည်။


နှစ်ပေါင်း ၂၀ ကျော် ရောင်းချလာသည့် အဆိုပါ ဈေးနေရာတွင် ထိုကဲ့သို့ မကြုံတွေ့ခဲ့ဖူးကြောင်း ဈေးသူဈေးသားများက ပြောသည်။ ထို့အတွက်ကြောင့် မည်သူကမှ မဖယ်ရှားပေးချင်ပေ။


ထိုဖြစ်ရပ်ကိုကို မကျေနပ်ခြင်းကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှုး ပူးပေါင်းပြီး ဈေးသူဈေးသားများကို နေရာ ဖယ်ရှားခြင်းဖြစ်နိုင်ကြောင်း ယင်းဈေးတွင် လာရောက်ရောင်းချသူ ဈေးသား တစ်ဦးက ပြောသည်။"


နှစ်ပေါင်း ၂၀ ကျော် ကျူးကျော် ဈေး ရောင်းခဲ့တဲ့ နေရာ ဆိုဘဲ ။ဒီလောက်ကြာအောင် နေရာယူ ဈေးရောင်းခဲ့တာ ဆိုတော့ အမှားဟာ အမှန် ဖြစ်သွားတာလား ။ ဖျက်သိမ်းခိုင်းတဲ့ သူတွေ မတရားဘူးလား ။ ဒီလို ဖယ်ခိုင်းတဲ့  အတွက် ဖယ်ခိုင်းတဲ့သူတွေ က အခြေနေပျက်ရတဲ့ မိသားစု သုံးထောင်ကျော် ကို မတရား အနိုင်ကျင့် တယ်လို့ ပြောလို့ရသလား ။
အဲဒီအရပ် အဲဒီဒေသ မှာနေသူတွေကို ဒီ ကျူးကျော် ဈေးသည်တွေက နှစ်ပေါင်း ၂၀ ကျော် အနှောက်အယှက်ပြု ဒုက္ခပေးခဲ့ တဲ့ ကိစ္စ တွေ အများကြီးရှိမှာပါ ။ ပါတ်ဝန်းကျင်ကို နှစ်ပေါင်း ၂၀ လောက် ဖျက်ဆီး ပစ်ခဲ့ကြတာတွေ ဒါတွေ ဘယ်သူတာဝန်ယူကြမလဲ ။ 


ဥပဒေ ပြင်ပ ရောက်နေ တရားမျှတမှု အောက်ကနေ လွတ်ထွက်နေတဲ့ သူတွေကို အမှန်ပြန်ရောက်အောင် ပြုပြင်ကြရာမှာ ထိခိုက်မှုလေးတွေတော့ အနည်းနဲ့ အများ ရှိမှာပါ ။  သူတို့ရဲ့ ထိခိုက်မှုတွေဟာ လောလောဆယ် အနေအထားနဲ့ ကြည့်ရင် နစ်နာတယ်ထင်ရပေမဲ့ တကယ်တန်းက သူတို့ မတရားရယူထားတဲ့ အခွင့်အရေးပေါ်က ပြန်ပေးရတဲ့ ဟာတွေပါ ။သူတို့ တကယ် ဆုံးရှုံးသွားတာတွေ မဟုတ်ဘူး ။ အမှန်ဆို အရင် မတရားရယူထားတဲ့ အရာတွေအတွက်ပါ ပြန်ပေးလျှော်သင့်သေးတယ် ။


ဒီလိုပြောလို့ ကျွန်တော်ဟာ အဲဒီလို လူတွေအတွက် မညှာတာ မစာနာ တတ်ဘူးလို့ အပြစ်တင် မစောစေလိုပါဘူး ။
အပြစ်တင်ခဲ့မယ်ဆိုရင် လွဲ သွားမှာပါ ။ 


စဉ်းစားကြည့်ကြပါ ။ ကျွန်တော်တို့ရဲ့ နိုင်ငံ အချုပ်အခြာအာဏာ ကို ပြည်သူလူထုရဲ့ လက်ထဲက နှစ်ပေါင်းများစွာ ကျူးကျော် လုယူခဲ့တဲ့ စစ်အစိုးရ ရဲ့ လက်ထဲကနေ ဒီမိုကရေစီ နည်းကျကျ ဥပဒေဘောင်ထဲကနေ အရပြန်ယူ နေကြတယ် မဟုတ်လား ။
ဒီလို အခြေအနေ မှာ အဆင့်ဆင့် စစ်တပ်က သူတို့ရဲ့ အခွင့်အရေးတွေ လက်လွတ် ပေးနေရပါတယ် ။ ဒါကို သူတို့က နှစ်ပေါင်းများစွာ ရယူထားတာ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းလို ပြန်တောင်းဆိုခွင့် ပြုသင့်သလား ။  
သူတို့တွေ လက်ရှိ ဥပဒေအောက်မှာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး တိုင်းပြည်ကောင်းကျိုး အတူသယ်ပိုး စေချင်တဲ့ ဆန္ဒ ပြည်သူတွေဆီမှာ ရှိကြမှာပါ ။

အမှန်တော့ ဒီလိုလူတွေအတွက် ကျွန်တော်တို့ ထည့်စဉ်းစား စရာ အကြောင်းမရှိပါဘူး ။ တိုင်းပြည်ရဲ့မျက်နှာ ပြည်သူရဲ့မျက်နှာ ကိုသာ ကြည့်ပြီး ဥပဒေကို လေးစာလိုက်နာ ပြီး ပြတ်ပြတ်သားသားဘဲ ဆောင်ရွက်သင့်တဲ့ကိစ္စတွေလို့ မြင်ပါတယ် ။
ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီ ဘက်တော်သားတွေ တောင်းဆိုရယူနေတဲ့ အခွင့်အာဏာတွေကို ပြည်သူတွေဆီက မတရားလုယူပြီး သူတို့ကိုယ်သူတို့ အာဏာပိုင်ရှင် အစစ်လို့ ထင်နေတဲ့ စစ်အာဏာရှင်တွေ လက်ထဲ ပြန်လည်ပေးအပ် လိုက်ရုံဘဲ ရှိတော့မှာပေါ့ ။


ဒီလိုမှမဟုတ် ခင်ဗျားတို့ဆီမှာ ဒီလိုကျူးကျော်ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းတာဟာ မမှန်ကန်ဘူးလို့ ယူဆချက်တွေ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော် စိတ်မကောင်းပါဘူးခင်ဗျာ..လို့ပြောယုံကလွဲပြီး တခြားမရှိပါဘူး ။