"ဧည့်စာရင်းကြောင့် ဈေးသည် ၃၀၀၀ အလုပ်လက်မဲ့ဖြစ်မည်" ဆိုတဲ့ ဧရာဝတီ ဘလော့ က သတင်းလေးဖတ်ရတော့ စိတ်ထဲဘဝင် မကျတာလေးတွေ တွေးမိ ရေးမိတာပါ ။
ဈေးအတွင်း ညပိုင်း ခြင်ဆေးခွေနှင့် ဖယောင်းတိုင် ထွန်းသည့်အတွက် မီးဘေး အန္တရာယ်ရှိခြင်း၊ လမ်းများတွင် ကုန်ပစ္စည်းများ ပိတ်ဆို့ခြင်းနှင့် ဒေသရပ်ကွက်က လက်မခံခြင်းတို့ကြောင့် ဖျက်သိမ်းခိုင်းခြင်း ဖြစ်သည်ဟု အကြောင်းပြထားသည်ဟု ဆိုသည်။ ထိုကြေညာချက်ကြောင့် ယင်းဈေးရှိ ဈေးသူ ဈေးသား သုံးထောင်ကျော် မကျေမနပ်ဖြစ်လျက် ရှိသည်။
နှစ်ပေါင်း ၂၀ ကျော် ရောင်းချလာသည့် အဆိုပါ ဈေးနေရာတွင် ထိုကဲ့သို့ မကြုံတွေ့ခဲ့ဖူးကြောင်း ဈေးသူဈေးသားများက ပြောသည်။ ထို့အတွက်ကြောင့် မည်သူကမှ မဖယ်ရှားပေးချင်ပေ။
ထိုဖြစ်ရပ်ကိုကို မကျေနပ်ခြင်းကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှုး ပူးပေါင်းပြီး ဈေးသူဈေးသားများကို နေရာ ဖယ်ရှားခြင်းဖြစ်နိုင်ကြောင်း ယင်းဈေးတွင် လာရောက်ရောင်းချသူ ဈေးသား တစ်ဦးက ပြောသည်။"
နှစ်ပေါင်း ၂၀ ကျော် ကျူးကျော် ဈေး ရောင်းခဲ့တဲ့ နေရာ ဆိုဘဲ ။ဒီလောက်ကြာအောင် နေရာယူ ဈေးရောင်းခဲ့တာ ဆိုတော့ အမှားဟာ အမှန် ဖြစ်သွားတာလား ။ ဖျက်သိမ်းခိုင်းတဲ့ သူတွေ မတရားဘူးလား ။ ဒီလို ဖယ်ခိုင်းတဲ့ အတွက် ဖယ်ခိုင်းတဲ့သူတွေ က အခြေနေပျက်ရတဲ့ မိသားစု သုံးထောင်ကျော် ကို မတရား အနိုင်ကျင့် တယ်လို့ ပြောလို့ရသလား ။
အဲဒီအရပ် အဲဒီဒေသ မှာနေသူတွေကို ဒီ ကျူးကျော် ဈေးသည်တွေက နှစ်ပေါင်း ၂၀ ကျော် အနှောက်အယှက်ပြု ဒုက္ခပေးခဲ့ တဲ့ ကိစ္စ တွေ အများကြီးရှိမှာပါ ။ ပါတ်ဝန်းကျင်ကို နှစ်ပေါင်း ၂၀ လောက် ဖျက်ဆီး ပစ်ခဲ့ကြတာတွေ ဒါတွေ ဘယ်သူတာဝန်ယူကြမလဲ ။
ဥပဒေ ပြင်ပ ရောက်နေ တရားမျှတမှု အောက်ကနေ လွတ်ထွက်နေတဲ့ သူတွေကို အမှန်ပြန်ရောက်အောင် ပြုပြင်ကြရာမှာ ထိခိုက်မှုလေးတွေတော့ အနည်းနဲ့ အများ ရှိမှာပါ ။ သူတို့ရဲ့ ထိခိုက်မှုတွေဟာ လောလောဆယ် အနေအထားနဲ့ ကြည့်ရင် နစ်နာတယ်ထင်ရပေမဲ့ တကယ်တန်းက သူတို့ မတရားရယူထားတဲ့ အခွင့်အရေးပေါ်က ပြန်ပေးရတဲ့ ဟာတွေပါ ။သူတို့ တကယ် ဆုံးရှုံးသွားတာတွေ မဟုတ်ဘူး ။ အမှန်ဆို အရင် မတရားရယူထားတဲ့ အရာတွေအတွက်ပါ ပြန်ပေးလျှော်သင့်သေးတယ် ။
ဒီလိုပြောလို့ ကျွန်တော်ဟာ အဲဒီလို လူတွေအတွက် မညှာတာ မစာနာ တတ်ဘူးလို့ အပြစ်တင် မစောစေလိုပါဘူး ။
အပြစ်တင်ခဲ့မယ်ဆိုရင် လွဲ သွားမှာပါ ။
စဉ်းစားကြည့်ကြပါ ။ ကျွန်တော်တို့ရဲ့ နိုင်ငံ အချုပ်အခြာအာဏာ ကို ပြည်သူလူထုရဲ့ လက်ထဲက နှစ်ပေါင်းများစွာ ကျူးကျော် လုယူခဲ့တဲ့ စစ်အစိုးရ ရဲ့ လက်ထဲကနေ ဒီမိုကရေစီ နည်းကျကျ ဥပဒေဘောင်ထဲကနေ အရပြန်ယူ နေကြတယ် မဟုတ်လား ။
ဒီလို အခြေအနေ မှာ အဆင့်ဆင့် စစ်တပ်က သူတို့ရဲ့ အခွင့်အရေးတွေ လက်လွတ် ပေးနေရပါတယ် ။ ဒါကို သူတို့က နှစ်ပေါင်းများစွာ ရယူထားတာ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းလို ပြန်တောင်းဆိုခွင့် ပြုသင့်သလား ။
သူတို့တွေ လက်ရှိ ဥပဒေအောက်မှာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး တိုင်းပြည်ကောင်းကျိုး အတူသယ်ပိုး စေချင်တဲ့ ဆန္ဒ ပြည်သူတွေဆီမှာ ရှိကြမှာပါ ။
်
အမှန်တော့ ဒီလိုလူတွေအတွက် ကျွန်တော်တို့ ထည့်စဉ်းစား စရာ အကြောင်းမရှိပါဘူး ။ တိုင်းပြည်ရဲ့မျက်နှာ ပြည်သူရဲ့မျက်နှာ ကိုသာ ကြည့်ပြီး ဥပဒေကို လေးစာလိုက်နာ ပြီး ပြတ်ပြတ်သားသားဘဲ ဆောင်ရွက်သင့်တဲ့ကိစ္စတွေလို့ မြင်ပါတယ် ။
ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီ ဘက်တော်သားတွေ တောင်းဆိုရယူနေတဲ့ အခွင့်အာဏာတွေကို ပြည်သူတွေဆီက မတရားလုယူပြီး သူတို့ကိုယ်သူတို့ အာဏာပိုင်ရှင် အစစ်လို့ ထင်နေတဲ့ စစ်အာဏာရှင်တွေ လက်ထဲ ပြန်လည်ပေးအပ် လိုက်ရုံဘဲ ရှိတော့မှာပေါ့ ။
ဒီလိုမှမဟုတ် ခင်ဗျားတို့ဆီမှာ ဒီလိုကျူးကျော်ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းတာဟာ မမှန်ကန်ဘူးလို့ ယူဆချက်တွေ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော် စိတ်မကောင်းပါဘူးခင်ဗျာ..လို့ပြောယုံကလွဲပြီး တခြားမရှိပါဘူး ။
No comments:
Post a Comment