Monday, September 30, 2013

တို့တိုင်းပြည်က အသစ်....

ပစ္စည်းတွေ ဝယ်ရမယ် သုံးရတော့မယ်ဆို ဘယ်တော့ဖြစ်ဖြစ်
အသစ်စက်စက် ဂျပ်ပုံးက ချွတ်သုံးရမဲ့
အသစ် ဂျပ်ချွတ် ဆိုတာကို သုံးချင်ကြတာဘဲ...
ပြီးတော့ နောက်ဆုံးပေါ် ဆိုတာလည်း ဖြစ်ရမယ်လေ..
အရင် ခေတ်အဆက်ဆက်က မကောင်းတဲ့ မ ဆ လ စနစ်ကြောင့်
အသုံးတည့်တဲ့ ပစ္စည်း အသစ်မရလည်း အဟောင်းထဲက အကောင်းကို ဘဲ
ခေတ်မမှီပေမဲ့ အကောင်း လုပ်သုံးခဲ့ကြရတယ် ။
တစစ ခေတ်ပြောင်းလာတော့ မှောင်ခိုခေတ်မှာ
ယိုးဒယားက ဝင်လာတဲ့ လူသုံးကုန် အသစ်လေးတွေ သုံးခွင့်ရလာပြီး
ကိုယ့်ကိုယ်ကို အဟုတ်ကြီး လူစဉ်မှီပြီလို့ ထင်လာကြတာ..။
မဆလ တခေတ်ကုန်တော့ ပွင့်လင်းလာသလိုလို
ကမ္ဘာကြီးကို မြင်တဲ့သူတွေက မြင်ကြရတော့
အသစ်တွေကို တမ်းတ လာ သုံးချင်လာကြတာဘဲ ။
ခုအခါတော့ တို့တိုင်းပြည်မှာ အသစ်တွေကို
သုံးခွင့်ရလာပါပြီ....။

ပြောင်းလဲ လာတာကိုး..
မြို့တော် အသစ်ကြီး ပေါ်လာတယ်..
အဆောက်အဦးအသစ်တွေ ပေါ်လာတယ်..
လွှတ်တော် အသစ်ပေါ်လာတယ်...
လုပ်ငန်းအသစ်တွေပေါ်လာတယ်..
နောက်ဆုံး အစိုးရအသစ်တောင်ပေါ်လာပြီမဟုတ်လား ။
မြို့တော်အင်္ဂါရပ်တွေနဲ့အတူ..
လေယာဉ်လိုင်းသစ်တွေ..
ကားလိုင်းသစ်တွေ..
မြို့ပတ်ရထား လိုင်းသစ်တွေ..
စနစ်သစ်နဲ့ လုပ်နေကြတာ...
အသစ်အသစ် ..အသစ်တွေပေါ့..။

လေယာဉ်လိုင်းသစ်တွေအတွက်သုံးတဲ့ လေယာဉ်ပျံတွေက
သူများနိုင်ငံမှာ သုံးပြီးသား တပါတ်ရစ် အဟောင်းတွေ...

ကားလိုင်းအသစ်တွေမှာသုံးတဲ့ ကားတွေက
သူများနိုင်ငံမှာ သုံးပြီးသား တပါတ်ရစ် အဟောင်းတွေ...

မြို့ပတ်ရထားလိုင်းအသစ်တွေမှာသုံးတဲ့ ရထားတွေက
သူများနိုင်ငံမှာ သုံးပြီးသား တပါတ်ရစ် အဟောင်းတွေ...

မရှိလို့ မတတ်နိုင်လို့ တိုင်းပြည်ဆင်းရဲလို့ ဆိုတော့
အသစ်သုံးချင်ပေမဲ့ အဟောင်းကိုဘဲ အကောင်းလုပ် ပြီး သုံးရတာ
ကျင့်သားရသွားကြပြီလား....။

ဒါပေမဲ့.....
မြို့တော် အသစ်
လွှတ်တော် အသစ်
အစိုးရအသစ်မှာ
အသစ်တွေမသုံးဘဲ
ကျင့်သားရနေကြတဲ့အတိုင်း
အဟောင်းကို အကောင်းလုပ် သုံးကြဦးမှာလား။




Saturday, September 21, 2013

ဝါး ရေတံလျှောက်လေးရဲ့ တမ်းချင်း

ဘဝဆိုတာ 
ပျော်ရွှင်တဲ့ အချိန်ရယ် 
ကြည်နူးရတဲ့အချိန်ရယ်
ဝမ်းနည်းကြေကွဲရတဲ့ အချိန်ရယ် 
ခွဲခြားကြည့်နိုင်မယ်ထင်ပါတယ် ။

ဝါးပင်ရုံတွေကြားက ဝင့်ဝင့်ကြွားကြွား ပေါက်လာပြီး
အပင်မြင့်လာတာနဲ့အမျှ လေယူရာတိမ်းပြီး ဝေ့ဝေ့ ဝဲဝဲ
လှုပ်ရှားယိမ်းနွဲ့ ဆော့ကစားခဲ့တဲ့အချိန်တွေက
ဘဝအတွက် ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့….
အချိန်မတန်ခင် ဝါးလုံးလေးနဲ့
အိမ်လေးဆောက်မယ်ဆိုပြီးပြောလာတဲ့စကားသံတွေထဲ
မေ့မြောလွင့်ပါးစိတ်ကစားပြီး
ပင်ရုံကခွါ စိတ်ကူးရာတကောက်ကောက်
အတွေးတွေနဲ့ လွင့်ပါမြောခဲ့ရတာ
အတော်လေးကြာခဲ့ပါပေါ့လား…..

တကယ်ပြန်တွေးမိတော့ 
ဆောက်ခဲ့တဲ့အိမ်ကလေးက
ယိုင်နဲ့နဲ့ မခိုင်တဲ့အပြင် ကိုယ်ပါဝင်ရတဲ့ နေရာက
အတက်လှေခါးအဖြစ် သုံးသလို
အခြေမလှတဲ့အခါ နင်းကြမ်းအဖြစ်လည်း
အခင်းခံရသေးတယ်လေ…..
ဒီလိုသာကြာကြာသွားနေရင်ဖြင့်
ဒီနေရာမှာ ပေါက်ဖွါးလာတဲ့
ပင်တက်သစ်လေးတွေ
လောင်းရိပ်မိလို့ အစာရည်မဝဖြစ်ကြတော့မယ်..
ကိုယ်ဘဝလည်း နင်းကြမ်းအဖြစ်က တထစ်လျှော့လို့
ကြာရင် တုတ်ခနောင်းဖြစ်ရချည့်….
ဒီလိုတွေးလို့ အိမ်ကလေးကို စွန့်ခွါ
ရေကြည်မြက်နုရာရှာလို့
ပင်ပေါက်လေးတွေ အစာရည်ပြည့်ဖို့
ရင်ခွင်ကိုခွဲ အထဲက အဆစ်အဆံတွေထုတ်လို့
ဝေးလံရပ်ခြား မြင့်မားတဲ့
ခေါင်စွန် တံစက်မြိတ်ဖျားကနေ
တစက်စက်ကျတဲ့ရေကို သွယ်လို့ပေးရတဲ့
ရေတံလျှောက်အသွင်ပြောင်း
အပင်သစ်လေးတွေကို
အဝေးကနေ သွယ်လို့လောင်းပေးခဲ့ရတယ်လေ….
အစာရေဝလို့လန်းလန်း လန်းလန်းနဲ့ တက်လာတဲ့
ပင်သစ်လေးတွေကို ဖြည့်ပေးရင်းနဲ့
ကြည်နူးစိတ်နဲ့ကြည့်နေမိခဲ့တယ် ...

တပင်ကတော့ ထန်းပင်ကြီးလို
လွင့်လွင့် လွင့်လွင့်နဲ့ ထိုးထိုးထောင်ထောင်
ပင်လုံးမြိုင်လို့ အပွင့်တွေ အသီးတွေနဲ့
ဝေဝေဆာဆာ ဝမ်းမြောက်စရာပေါ့…..

နောက်ပင်ပေါက်လေးကတော့
လောင်းရိပ်မလွတ်လေတော့
ထန်းပင်ကြီးလို အရမ်းရှင်သန်မနိုင်ပေမဲ့
သူ့အတိုင်းအတာနဲ့သူ စိမ်းစိမ်းစိုစို
အရိပ်ဝိုင်းဝိုင်းနဲ့ ပန်းနံ့မွှေးမွှေးလေးတွေ ပေးတဲ့
ခရေပင်လေးလို အသီးအပွင့်စုံနေပါပြီ

အပင်ငယ်လေးတပင် ကတော့
ဝါးရေတံလျှောက်လေးကို နွယ်တက်လိုက်
ထန်းပင်ကြီးပေါ်နွယ်တက်လိုက်
ခရေပင်အရိပ်ဝိုင်းဝိုင်းလေးပေါ်နွယ်တက်လိုက်နဲ့
ဘယ်အချိန်ကြမှ စင်ပေါ်ရောက်ပြီး
အပွင့်အသီးတွေ ဝေနိုင်ပါ့မလဲပေါ့

ဒီအပင်လေးတွေကို ကြည့်ပြီး
ဝါးရေတံလျှောက်လေး
ရေတစက်စက်ချရင်း
ဘဝရဲ့ ကြည်နူးခဲ့ရတဲ့ အချိန်တွေပေါ့….

ခုတော့ အပင်တွေကြီးလို့ အသီးအပွင့်တွေ စုံကြလို့
ရေတံလျှောက်က ရေ တစက်စက်ကျမလာလည်း
သူတို့တွေ ရှင်သန်နိုင်ကြပြီမဟုတ်လား….

ရေတံလျှောက်ထဲ ရေမကျန်တော့လည်း
သူတို့တွေ သတိမပြုမိကြတော့ဘူး
သူများတံစက်မြိတ်မှာ တွဲလောင်းကျနေတာလဲ
သူတို့တွေ သတိမပြုမိကြတော့ဘူး
ဒီဝါးရေတံလျှောက်လေးကို ဘယ်နားသိမ်းရမလဲ
သူတို့တွေ သတိမပြုမိကြတော့ဘူး

ဒီအချိန်မှာ
ဝါးရေတံလျှောက်လေးက
ထန်းပင်ကြီးရဲ့အပေါ်မှာ ယင်းဆွဲ လှေခါးလေး
ဖြစ်ချင်နေမလား..
ဒီအချိန်မှာ
ဝါးရေတံလျှောက်လေးက
ထန်းပင်ကြီးကို မှီပြီးထောင်ထားတဲ့
ယင်းထောင် လှေခါးလေး
ဖြစ်ချင်နေမလား
သူတို့တွေ သတိမပြုမိကြတော့ဘူး

သူတို့တွေက သူတို့ရဲ့အသီးအပွင့်လေးတွေ
ကြီးမားရင့်သန်ဖို့ ကြိုးစားရင်းနဲ့
ဝါးရေတံလျှောက်လေးကို
သူတို့တွေသတိမပြုမိကြတော့ဘူး …..

ဝါးရေတံလျှောက်လေးကတော့
သူတို့တွေသတိပြုမိလား မပြုမိလားဆိုတာ
တွေးမနေအားပါဘူး
ဘယ်အချိန် ဝါးအသားဆွေးလို့
သူများတံစက်မြိတ်ဖျားက ပြုတ်ကျ ပျက်စီးမလဲလို့
စောင့်ရင်းအချိန်ကုန်နေရတဲ့
ဘဝရဲ့ဝမ်းနည်းကြေကွဲရတဲ့ အချိန်ပေါ့..

ဒီအချိန်ကျမှ
ဟိုအရင် တဲငယ်လေးထဲက ထွက်သွားလို့
ယိုင်နဲ့နဲ့ ကျန်နေခဲ့ ရတယ်လို့
စွဲချက်တွေ တင်နေရင်လည်း
ပြန်လည်ဖြေရှင်းချက်တွေ ပေးမနေချင်တော့ပါဘူး


နွေဦး..
ကိုယ်စား ခံစားကြည့်သည်..။