Monday, August 22, 2016

မဒမ်နွေဦး၏ ဈေးသွားခြင်း အနုပညာ

မောင်နွေဦး တို့ နေ့စဉ် စားသောက်ဖို့ ဆိုတာ ချက်ပြုပ်ကျွေးမွေမဲ့ သူရှိမှ အဆင်ပြေတာဗျ..။
ချက်ပြုပ်ကျွေးမဲ့သူမရှိရင် ကိုယ်တိုင် ချက်မှ.. ဒါမှမဟုတ် ဆိုင်ဝယ်စားရတော့မပေါ့..။
ဆိုင်မဝယ်စားဘဲ ချက်ပြုပ်စားမယ်ဆို ဟင်းချက်စရာ ဝယ်ဖို့ ဈေးသွားရတာလဲ အခြေခံကြတဲ့ အလုပ် တခု ဘဲဗျ..။
ဈေးဝယ်တယ် ဆို အရင် ကာလတွေက မဒမ်နွေဦးက သူ့ဘာသာ အဆင်ပြေသလို ဝယ်ခြမ်းချက်ပြုပ်ကျွေးနေတာ ..။
ခုခါတော့ အသက်တွေကလဲ ကြီး ဆရာဝန်ကလဲ လမ်းလျှောက်ပေးပါဆိုလို့ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို မဒမ်နွေဦးရဲ့ ဈေးခြင်းဆွဲ လိုက်တော့တာပေါ့..။ အမယ် ဈေးခြင်းဆွဲ လိုက်တော့မှ နှစ်ချက်ပြတ် မက သုံးလေးချက်တောင် ပြတ်သေးသဗျ.. ။ ပြတ်ဆို ကိုယ်စားချင်တာတွေ့ရင်းဝယ်ရင်း ပါလာတဲ့ ပိုက်ဆံပါပြတ်တော့တာဘဲ..။
မောင်နွေဦး ကိုယ်တိုင်လိုက်မှဘဲ မဒမ်နွေဦးရဲ့ ဈေးဝယ်ခြင်း အနုပညာကို ကိုယ်တိုင် ခံစားမိတော့တယ်..။
ဒီလို ဒီနည်းနဲ့ မဒမ်နွေဦး ဈေးဝယ်ချက်ကျွေးခဲ့တာ သားတသက် သမီး တသက်တောင် ရှိပါပေါ့.. ။ဈေးဝယ်သွားတဲ့ဈေးလဲ တစ်ဈေးထဲ မရ ဈေးနှစ်ဈေးကို ဓါတ်ကျရာ တလှည့်စီ သွားတတ်သဗျ ။
ဈေးဝယ်သွားပြီဆို စုတ်ပြတ်သတ်နေတဲ့ လမ်း ကနေ ဈေးခြင်းကိုဆွဲ မဒမ်နွေဦးရဲ့ နောက်က အပြေးတပိုင်း လိုကရသဗျ..။ ဖြေးဖြေးလျှောက်ပါဆိုရင် ကျန်းမာရေးအတွက် ခပ်ပြင်းပြင်းလေး အားထဲ့လျှောက်စမ်းပါ ဆိုပြီး အငေါက်ခံရသေး..။
ဈေးတန်းထဲရောက်လို့ အရင်ဆုံးတွေ့တာက ဟင်းရွက်စုံဆိုင်  ..။
" ပဲပင်ပေါက် ၃၀၀ဖိုး ပဲပြား၂ခု ဘူးသီး ၂စိတ် မုန်လာဥ နှစ်စီး ခရမ်းချဉ်သီး အစိတ်သား ငြုပ်သီးစိမ်း နဲနဲ နံနံပင် တစ်စီး ပဲသီးနှစ်စီး ဘိုစားပဲအစိတ်သား အဲဒါတွေထည့်ထားပေး ပြန်လာယူမယ် " ဆိုပြီး တရစပ်မှာ ဆိုင် ကဈေးသည် ဘာမှ ပြန်မမေးရသေးခင် ရှေ့ဆက်ရှောက် ..မောင်နွေဦး ငေါက်ငေါက် နဲ့ နောက်ကလိုက်ပေါ့.. ။
နောက်ရောက်တာက ငါး ပုဇွန်သည်..။မှာခဲ့ပြန်ပြီ တရစပ် ။
" ကြော့ နှစ်ဆယ်သား အထုတ်သေးက ဆယ့်ငါးကျပ်သားလောက် ငါးကြင်း က လက်လေးသစ်လောက် တပိုင်း ကကတစ်က တကောင် လုပ်ပြီး လေးပိုင်းပိုင်းထားပေး..ပြန်လာယူမယ် " ဒါဘဲ ရှေ့ဆက်လျှောက်ပြန်ရော..။
အဲ ကုန်ခြောက်ဆိုင် ရောက်သဗျ.. မဆိုင်းမတွ မှာပါလေရော..
" ဗမာဖြူ တစ်ဆယ်သား နီလတ် အစိတ်သားထည့်ထား မကျီးသီးတထုတ် အရောင်တင် တထုတ် ပုဇွန်ခြောက် ခါတိုင်းယူတာ တစ်ဆယ်သားထည့်ထား.."
နောက်တစ်ဆိုင် က ကြက်သားဆိုင် ..
အဲ ကြက်သားဆိုင်မရောက်ခင် ပန်းသည်ကို လှမ်းပြောခဲ့သေးတယ် " နှင်းဆီ ၁၃ ပွင့် " တဲ့ ။
ကြက်သားဆိုင်က သူ့ဈေးဝယ်ခရီး အဆုံးဘဲ.. 
"ဗမာကြက် ခြေပြာ အောက်ပိုင်း  cp ရင်ပုံ အရေခွံ ဆုတ်ပေး အသားနွှာပေး.. " ဒါပါဘဲ..
ပြီးမှ ဘယ်လောက်ကျလဲ ရော့ အင့် ဆိုပြီး ငွေရှင်းသဗျ..။
အလေးချိန် ဘယ်လောက် ကြက်ဘယ်ဈေးမို့ ဘယ်လောက်ကျတယ်ဆိုတာမမေး ဈေးမဆစ် ပစ္စည်းမစစ် ဈေးသည်ပြောသလောက် ရော့ အင့် လိုက်တာဘဲ..။ ကျွန်တော် မောင်နွေဦးက ဈေးသည်ကမ်းပေးတဲ့ အထုတ် ခြင်းတောင်းခံ ယူရုံဘဲ..။
ပြီး ရင် လာလမ်းအတိုင်းပြန်လှည့်ပြီး တစ်ဆိုင်ခြင်း ဘယ်လောက်လဲ ရော့ အင့် ဆိုပြီး ဈေးမမေး ဈေးမဆစ် ခြင်းနှစ်တောင်းပြည့် ဘယ်ညာဆွဲပြီး ပြန်ရုံပါဘဲ..။
 အင်းလေ.. အစကတော့ နွေဦး အရစ်ရှည် အတွန့်တက်ပါသေးတယ်.. ။
ဈေးဝယ်မယ်ဆို ဘယ်ဈေးလဲ အရင်မေး ပစ္စည်းကောင်းမကောင်း လတ်မလတ်ကြည့်ဖို့ သူများတကာထက် ဈေး မများဖို့ ဈေးဆစ်ဖို့ အလေးချိန် ပြည့်မပြည့် စစ်ကြည့်ဖို့ ပြောတာပေါ့..။
ဒီတော့မှ မဒမ်နွေဦးက သူ့ရဲ့ ဈေးသွားခြင်း အနုပညာကို ဖွင့်ပြတော့တယ်..။
" ဈေးထဲမှာ ဈေးသည် အများကြီးဘဲလေ..တခါဝယ်လို့မမှန်ရင် နောက်တခါ မဝယ်ဘူးပေါ့. ..
အလေးချိန်က သူ့ဘာသာသူ ဘယ်လောက်ရှိရှိ ကိုယ်လိုတဲ့အတိုင်းအတာအတွက် အဲလောက်ပေးရတယ်လို့ မှတ်ပေါ့.. .
ကြက်တစ်ပိုင်းလိုချင်တယ် ဆို သူ့ဘာသာသူ အစိတ်သားချိန်ချိန် နှစ်ဆယ်သားချိန်ချိန် ရှစိရာဈေး နဲ့ တွက်တွက် တစ်ထောင်ဈေးနဲ့တွက်တွက် နှစ်ထောင်ဆို နှစ်ထောင် သုံးထောင်ဆို သုံးထောင် ပေးလိုက် ..ကိုယ့်စိတ်ထဲ ဒီကြက်တပိုင်းက ဒီလောက်ကျတယ်ဆို ပြီးရောပေါ့..
တန်တယ် မတန်ဘူးဆိုတာလဲ တခြားဟာတွေနဲ့ လိုက်ယှဉ်ပြီး ကိုယ်က သတ်မှတ်တာမဟုတ်လား.. " တဲ့ ။

No comments:

Post a Comment