Saturday, June 24, 2017

ကျုပ် ကိုလဲ ကိုယ်ချင်းစာ ကြပါအုံး..

ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေ..
နည်းနည်းပါးပါး ကိုယ်ချင်းစာ တရားလဲ ထားကြပါအုံး..
မညှာမတာ ကိုယ်ချင်းမစာ ပြောရက်လိုက်ကြတာ..
ကြည့်ပါအုံး အလုပ်ဆိုလဲ  ပြောရက်လိုက်ကြတာ..
တနေ့တနေ့ လုပ်လိုက်ရတဲ့ အလုပ် တဲ့.. ရတာနဲ့ လုပ်ရတာနဲ့ တန်မှတန်သေးရဲ့လားမသိဘူးတဲ့..
တခါတခါ မြို့တမြို့လုံး တနေကုန်သွားနေရတာ နေပူမိုးရွာ မရှောင် ..ဆိုဘဲ..
ကျုပ်ကို  ကိုယ်ချင်းမှမစာဘဲ ပြောနေကြတာ..
ကျုပ်ဆို သူတို့တွေ အဲလို လုပ်နိုင်ဖို့ တတွတ်တွတ် ညွှန်ကြားနေရတာ..
သူတို့တွေ ပိုပိုသာသာ ရဖို့ ပိုက်ဆံတွေပိုပေးနိုင်ဖို့ ကျုပ်က အိုဗာတိုင်ကြေးမယူဘဲ လုပ်ပေးနေတာ..
တခါတခါ မီးပျက် လို့ အဲယားကွန်း က မအေးဘူးဆိုရင် ချွေးတလုံးလုံးနဲ့ အခန်းထဲ ပန်ကာဖွင့်ပြီးနေရတာကို သူတို့တွေက ကိုယ်ချင်းမစာဘဲ ပြောရက်ကြတယ်ဗျာ..
ကြည့်အုံးလေ..အစားအသောက်နဲ့ ပါတ်သက်ရင်လဲ ပြောရက်လိုက်ကြတာ..
ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး..
အိမ်က ထည့်လာတဲ့ ထမင်းဘူးလေး လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေသလို စားကြရသတဲ့...
ကန်စွန်းရွက် ကြော် လေး ကောင်းလှချည့်တဲ့..
ပုဇွန်ဆိတ်လေး မုန်လာဥနဲ့ ချဉ်ရည်သောက်လေး အရမ်းချိုတယ် တဲ့..
ကြက်ရိုးနဲ့ ဘူးသီး အရည်သောက်လေးက ထမင်းအရမ်းမြိန်တယ်တဲ့..
ဒညင်းသီး ပြုပ်လေးနဲ့ ကတက်ချဉ်လေးနဲ့ စားဖို့ ငပိရည်ချို ဖျော်လာခဲ့သတဲ့..
ဒါ.. ကျုပ်ကို ကိုယ်ချင်းမစာဘဲ ပြောတာဗျ..
သူငယ်ချင်းတွေ ချိန်းလို့ ရွှေဘဲမှာ အဖေါ်တွေနဲ့ နေ့ခင်း ထမင်းစားချိန် သွားစားတာ.
ဘဲကင် လေးမှ ကောင်းကောင်းမှာစားရတာ...
ငါးခေါင်း ဟင်းချိုဆိုလဲ မှာစားဖြစ်တယ်ထင်တာဘဲ...
ကိုက်လန် နဲ့ နှစ်တရာ ပဲသီးဆိုတာလဲ ပါလေရဲ့..
အဲဒါမျိုးလေးတွေကို စားရတဲ့ ကျုပ်ကို သူတို့က မညှာမတာ ကိုယ်ချင်းမစာ ပြောရက်ကြလေခြင်း..
ပြီးတော့ ရပ်ကွက်ထဲက အကြောင်းတွေပြောကြတယ် ..
ကျုပ်လို ကွန်ဒိုမျာနေတဲ့ သူကိုမှ ကိုယ်ချင်းမစာ ပြောကြတာ..
သူတို့ ရပ်ကွက်မှာ ရေကြီးရေမြုပ်တဲ့အကြောင်း ..ကွန်ဒိုပေါ်မှာ ရေကြီး ရေမြုပ်တယ်ဆိုတာ မှ မဖြစ်နိုင်တာ.. ကိုယ်ချင်းမစာကြဘူးဘဲ..
အိမ်နားနီးချင်းတွေရန်ဖြစ်ကြတဲ့အကြောင်း ပြောတာလဲ စဉ်းစားကြည့်လေ.. ကျုပ်တို့ ကွန်ဒို ဆိုတာ ဘေးခန်းနေတဲ့သူအချင်းချင်းသိကြတာမှမဟုတ်ဘဲ..အိမ်နီးချင်းတွေ ရန်ဖြစ်ကြတယ်ဆိုတာ ကျုပ် ဘယ်လိုခံစားတတ်မှာလဲ..နည်းနည်းပါးပါး ကျုပ်ဖက်က ခံစားမပေးကြဘူး..
ထားပါတော့လေ..
ဒါတွေက သူတို့ ကိုယ်ချင်းမစာတတ်လို့ ..ကိုယ်ချင်းစာစိတ် မရှိလို့ ပြောကြတာတွေမို့ မသိချင်ယောင်ဆောင်ပြီး မနာသလို နေလို့ရပါသေးတယ်..
သူတို့ မိသားစုတွေ သူတို့ ဝင်ငွေ ၂သိန်းလောက်နဲ့ ချွေချွေတာတာ လောက်လောက် ငှငှ သုံးနိုင်တယ် ဆိုတာကိုတော့ ကိုယ်ချင်းမစာ ပြောလွန်းတယ်ထင်တာဘဲ..
ကျုပ်မှာ တလတလ ကိုယ့်အတွက် ချည်း အသုံးစားရိတ်က ၁၀သိန်းလောက်လေး နဲ့မလောက်လောက်အောင်ခြိုးခြံသုံနေတာကို ..ဒီလို ချိုးချိုးဖဲ့ဖဲ့ ၂သိန်းနဲ့ မိသားစု စားလောက်တယ်လို့ ကိုယ်ချင်းမစာပြောတာကိုပါဘဲ..
ဒီကြားထဲ ဟိုရက်က လူကြီးတယောက်ကလဲ တနေ့ နှစ်ထောင်နဲ့ လောက်အောင် သုံးနိုင်တယ် လို့ပြောသေးတာ..
တကယ်ဆို ..
သူတို့တွေ ဒုက္ခရောက်သလောက် ကျုပ်တို့ ဒုက္ခ မရောက် တာကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ ဆင်းရဲသလိုမျိုး ကျုပ်တို့တွေ မဆင်းရဲကြဘူးဆိုတာကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ စားတာတွေထက် ပိုကောင်းအောင် စားနိုင် သောက်နိုင်ကြတဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ နေကြတယ်ဆိုတာထက် အဆင့်မြင့်မြင့်နေနိုင်ကြတဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ သုံးနိုင်တာထက် ငွေတွေ ဖေါဖေါသီသီ သုံးနိုင်တဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
တကယ်ပါဗျာ.. ပြောရင်းနဲ့ သူတို့တွေ မေတ္တာတရားနည်းပါးပြီး ကိုယ်ချင်းစာနာစိတ် မထားနိုင်တာကို သူတို့ကိုယ်စားရှက်မိပါတယ်..
...
..
..








Friday, June 9, 2017

စားပွဲထိုးက အဓိက လား...



"ဟာ.... အပြောင်းလဲကြီးပြောင်းလဲနေပါလားဟ ငနွေရ..."
" ဘပွမ် ကလဲ.. ဒါ ဘာဟုတ်သေးလို့လဲ.. ဒါ့ထက် ဒါတာတွေတောင် ရှိသေး.."
" ဟေ.. ဒါကြီး ဒီလောက် ကောင်းနေတာတောင်..?   "
" ဒါကြီးကသာ ကောင်းလာတာ ဘပွမ်ရ ဒီပေါ်ကကောင်တွေ အချိုးက မပြင်သေးဘူး..  "
တောကရောက်လာတဲ့ ကျွန်တော့်ဘကြီး ဘပွမ် ကို အဝေးပြေးကားဂိတ်ကနေ ကြိုခဲ့တာပါ ။
အဝေးပြေး လေအိတ်ကားကြီးပေါ်ကနေ ဘတ်စ်ကားပေါ်ပြောင်းပြီး စီးလာကထဲက တအံ့တသြနဲ့ ဘပွမ်ကို နားလည်ပေးထားပါတယ် ။
ရန်ကုန်မရောက်တာ အတော်ကြာနေပြီမို့ ဘုရားဖူးလာဖို့ နဲ့ ပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကြီးကိုလဲ လာကြည့်ပါလို့ခေါ်လိုက်တာပါ..။
ဘပွမ်ကလဲ ခေသူမဟုတ်ပါ.. ရွာမှာ လူကြီးမို့ မျက်စိကြီး နားကြီး ဖြစ်မှ လူအဟန့်ရှိမှာပေါ့ ဆိုပြီး ဟန်းဖုန်း နှစ်လုံး ကိုင်တယ်.. ဖေ့ဘွတ် သုံးတယ်.. သူ့အကောင့်က တောက ဘပွမ် ဆိုဘဲ.. ။
" ဘပွမ် ရဲ့ ဟန်းဖုန်းနှစ်လုံး က ဘာတွေလဲ ပြောပါအုံး "
" အူလဒူ နဲ့ ရှယ်ပြော က ဒီ လက်ပွတ်ဖုန်းနဲ့ သုံးတာကွ.. ဖေ့ဘွတ်သုံးတယ် ရှယ်ပြောတယ် နှစ်ကဒ်ထည့်ထားတာ.. အဲ နောက်တလုံးက ခလုပ်ဖုန်းကွ .သူ့ကို ပန်ကာ ထည့်ထားတာ အရေးပေါ် မီးပျက်ချိန် မှောင်ထဲ သုံးတော့ အဆင်ပြေသကွ.. မင်းသိတဲ့အတိုင်း ရွာမှာက မီးခဏခဏ ပျက်တာဘဲလေ.. "
" နေပါအုံး ဘပွမ်ရ ပန်ကာထည့်ထားတယ်ဆိုတာ ဘယ်လိုလဲဗျ.. "
" အေး တို့ဆီတော့ ပန်ကာခေါ်သကိုး.. ပန်ကာပုံအပြာလေးပါတယ်လေ. မင်းတို့ဆီက တယ်လီနွား ခေါ်သလားဘဲ.. "
" ဘပွမ်က လုပ်ချလိုက်ပြန်ပြီ.. တယ်လီနော ပါဗျ.. "
.......
" ဟေ့ ငနွေရေ.. ညနေ တရုပ်တန်းဘက် ညဈေး လျှောက်ရင်း ၁၉လမ်းမှာ နည်းနည်းပါးပါး ချရင်း ညစာစားမယ်လေ.."
ဘပွမ်က လူငယ်တွေ အကြောကိုသိတယ် သူ့တူတွေနဲ့ လိုက်လျှောညီထွေ ပေါင်းတတ်တယ် ..ဒါ့ကြောင့်လဲ တူတွေ တူမတွေက ချစ်ကြတာဘဲ..။
ဒါပေမဲ့ တောက တက်လာတဲ့ လူလည် ကြီး ဘပွမ် တရုတ်တန်း ညဈေး မရှိတော့တာ မသိဘူး ဒီနောက်တက်လာတဲ့ အစိုးရသစ်မှာ လမ်းဘေးဈေးသည်တွေကို ကမ်းနားလမ်းဘက်မှာ နေရာချထားပြီး ဈေးတန်းဖွင့်ပေးထားတာ မသိရှာဘူး.. ။ ကိစ္စမရှိပါဘူး.. ညနေကျမှ ကမ်းနားညဈေးကို ခေါ်သွားပြီး သူ့ကို ဟားလိုက်မယ်..ပေါ့..။
" ဘပွမ်က ဖေ့ဘွတ် သုံးနေတာဘဲ ရန်ကုန်မြို့ကြီး ပြောင်းလဲနေတာ ဖေ့ဘွတ်မှာ မတွေ့ဘူးလား ."
ကျွန်တော် မသိသလို နောက်လိုက်တာမှာ..
" သိတာပေါ့ကွာ.. ရန်ကုန် ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်နဲ့ စည်ပင်သာယာနဲ့ ပေါင်းပြီး လမ်းဘေးဈေးသည်တွေကို ကမ်းနားလမ်းမှာ ဈေးဆိုင် ခန်းတွေ နေရာချပေးပြီး ရောင်းခိုင်းတာမဟုတ်လား.. ခုဆို မြို့ထဲ လမ်းဘေး ပလက်ဖောင်းတွေ ရှင်းနေတာဘဲဆို.. "
" ဒုံရင်းပါဘဲ ဘပွမ်ရာ...."
.....
" ကိုင်း.. ငနွေရေ.. တီးတိုင်းကွ တီးတိုင်း.. လဘက်ရည်သောက် သွားကြရအောင်.. ခါတိုင်း ငါလာရင် သောက်နေကျ လမ်းထိပ်ကဆိုင် ရှိသေးလား.."
"အင်း ခု သုံးနာရီ ထိုးခါနီးဆို ဖွင့်ပါပြီ.."
" ဟေ.. ငါက ပလက်ဖောင်းဆိုင်တွေ မဖွင့်ရတော့ ပိတ်သွားပြီ မှတ်နေတာ.."
" ဘပွမ်ရ မပိတ်တဲ့အပြင် ဆန်းသစ် တီထွင် ထားတာတွေတောင်ရှိသေး.. "
" ဘယ်လို..ဘယ်လို.."
" ပလက်ဖောင်းဈေးသည်တွေ ကမ်းနားမှာ ဆိုင်နေရာပေးတော့ သူ့ လက်ရှိဆိုင်အတွက် တဆိုင်စာနေရာရတယ်လေ.. ပထမတော့ အဲဒီဆိုင်နေရာမှာ တစ်ဆိုင် ခွဲဖွင့်တယ်လေ.. နောက် ရောင်းကောင်းပြီး ဖေါက်သည်တွေရလာတော့ အဲဆိုင်ကို လက်လွဲ ငှားစားလိုက်တာပေါ့.. သူကတော့ လက်ရှိနေရာပြန်လာပြီး နားလည်မှုယူလို့ လမ်းကြားထဲ ဆက်ဖွင့်နေတာပေါ့.."
"ဟ..ဟား.. သူက ပလက်ဖောင်းဈေးသည် ရှင်းလင်းတဲ့အခါမှ စီးပွါးဖြစ်လို့ ပေါ့.. မင်းတို့ ဝန်ကြီးချုပ်ကတော့ ဘိုးဘိုး အောင်ပါဘဲကွာ.. "
" ဘပြောင်ကတော့ လုပ်ပြန်ပြီ.. ကျုပ်က ဘိုးဘိုးအောင်ကို သိပ်မသိဘူးဗျ.. "
" မင်းကလဲကွာ.. ငါခနခန ဆိုတဲ့ နဂါးနီ သီချင်း မသိဘူးလား.."
" ဟို ကာလာအိုကေရောက်တိုင်း ဘပွမ် ဟဲနေကျ သီချင်းမဟုတ်လား..ဘာတဲ့.. လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည် ..ဆိုတာမလား. "
" အေး အဲဒီ သီချင်းမှာ ပါသလိုဘဲ ဘိုးဘိုးအောင်ဆိုတဲ့ ပုဂ္ဂိုလ် က ဆင်းရဲသားတွေကို ချမ်းသာအောင် မတယ်တဲ့ သူ့တန်ခိုးက ဘယ်ဟာမဆို နှစ်ဆ တိုး နိုင်တယ်တဲ့ .. ခု မင်းတို့ ဝန်ကြီးချုပ်လဲ နှစ်ဆတိုးပေးနိုင်တာဘဲ.."
" ဘာတုန်းဗျ.. ဘာကို နှစ်ဆတိုးလို့လဲ.. "
" ခု လမ်းဘေးက လဘက်ရည်ဆိုင် ပိုင်ရှင်လေကွာ.. ဘိုးဘိုးအောင် လုပ် ..အဲ ဝန်ကြီးချုပ် လုပ်လိုက်တာ သူ နှစ်ဆိုင် ဖြစ်သွားပြီလေ.. "
" လုပ်ချလိုက်ပြန်ပြီ.. သူတယောက်ထဲ မဟုတ် လမ်းလေးပလက်ဖောင်းဈေးသည်တိုင်း နှစ်ဆဖြစ်သွားတာဗျ.."
.....
"  ကဲ ဘပွမ် ဘာသောက်မလဲ.. "
" လဘက်ရည်ပေါ့ကွာ.."
"ဟုတ်ဘူးလေ.. ဆိုင်းဘုတ်မှာ ဖတ်ကြည့်အုံး.." ဆိုပြီး ဘပွမ်နောက်က ဆိုင်းဘုတ်ကို ပြရတယ်..။





















" ဟာ .. လုပ်ချလိုက်ပြန်ပဟ..."
" တခွက် ၅၀၀ ဆိုတာ များတော့ပါဘူး ဘပွမ်ရာ "
" ခွီး.. ဈေးကိုတော့ မပြောပါဘူး.. သူလဲ ဘိုးဘိုးအောင်နဲ့ တွေ့နေပြီဘဲ.. ဒီလောက်တော့ရှိမှာပါ..ခုဟာက ညွှန်းလွန်းလို့ပါကွာ... တောသားကြီးပစ်လဲ ဆိုတာ.. သူ့လဘက်ရည်က တောအရက်နဲ့ ဖျော်တာလား.. မြောင်းကြားထဲ ခေါင်းစိုက် ဆိုတာက မီးတောက်အရက်နဲ့များ ဖျော်သလား.. ကြည့်စမ်းပါအုံး.. တွဲလောင်း လဘက်ရည်ဆိုဘဲ.. ဘောင်းဘီ ဝတ်ပြီးသောက်မှ အဆင်ပြေမှာ.. လုံကွင်းကျွတ်ကျလောက်အောင် မူးမယ်ပေါ့.. ဟားဟား.."
" ဘပွမ်ကလဲ သူ့အဓိပ္ပါယ်နဲ့ သူရှိမှာပေါ့.."
" အေး. ငါလဲ အဲဒါ သိချင် တာ.."
" မြည်းကြည့်မှ သိမှာပေါ့ ဘပွမ်ရာ.. ကျွန်တော်လဲ ခါတိုင်း ပုံမှန်ဘဲ သောက်နေကျ ဆိုတော့ မသိဘူးဗျ "
" ဒီလိုလုပ် .. တမျိုး တခွက် စီ မှာလိုက် ဒါမှ မြည်းကြည့်ပြီး သိရမှာ ပေါ့.. "
" ခလေးရေ လဘက်ရည် မှာမလို့.."
ကျွန်တော် စာပွဲထိုးကို ခေါ်ပြီး လဘက်ရည် မှာပါတယ်..
ဘပွမ်သောက်ကြည့်ချင်တယ် ဆိုတဲ့ လဘက်ရည် တွေ  တွဲလောင်း လဘက်ရည် တစ်ခွက်ရယ် မြောင်းကြားထဲခေါင်းစိုက် လဘက်ရည် တစ်ခွက်ရယ် တောသားကြီးပစ်လဲ လဘက်ရည် တစ်ခွက်ရယ်.. ပြီးတော့ ကျွန်တော် သောက်နေကျ ပုံမှန်တခွက် ရယ်  စားပွဲထိုးလေးကို အသေအခြာ မမှားအောင် မှာလိုက်ပါတယ်..။
စားပွဲထိုးကောင်လေးကလဲ ကျွန်တော်မှာတာတွေကို အသေအခြာ လက်ချောင်းလေးတွေချိုးရင်း မှတ်လို့ .. ပိုပြီး သေခြာအောင်တောင် နောက် တခေါက် ထပ်မေးပါသေးတယ်..။
ပြီးတော့ လဘက်ရည် ဖျော်နေတဲ့ နောက်ဖက်က ဖျော်ဆရာဆီသွားပြီး မှာပါတယ်.. သူမှာတာ မှားရင် ပြင်ပေးမလို့ နားစွင့် ရင်း သူမှာတဲ့ အသံ ကြားတော့မှ ဘပွမ်ရဲ့ ဆဲသံ ထွက်ကျလာတာ..

" မင်းတို့ဆီက ကောင်တွေ အလုပ်လုပ်တာ မင်းတို့ဆီက စားပွဲထိုးလိုပါဘဲကွာ.. လုပ်လိုက်တဲ့ စီမံကိန်းတွေကလဲ အမျိုးမျိုး စည်းဝေးတွေမှာ ပြောလိုက်ရင် စာရွက်တွေနဲ့ တကုတ်ကုတ်မှတ်ပြီး နောက်တော့လဲ ဟိုကောင်လေး စာပွဲထိုး လဘက်ရည် မှာသလိုဘဲ ..."

စားပွဲထိုးလေးက  *** လဘက်ရည် လေးခွက် ဆိုင်သောက်မယ် *** တဲ့..


(စားပွဲထိုးချည်း အားမကိုးနေကြနဲ့ )