Saturday, June 24, 2017

ကျုပ် ကိုလဲ ကိုယ်ချင်းစာ ကြပါအုံး..

ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေ..
နည်းနည်းပါးပါး ကိုယ်ချင်းစာ တရားလဲ ထားကြပါအုံး..
မညှာမတာ ကိုယ်ချင်းမစာ ပြောရက်လိုက်ကြတာ..
ကြည့်ပါအုံး အလုပ်ဆိုလဲ  ပြောရက်လိုက်ကြတာ..
တနေ့တနေ့ လုပ်လိုက်ရတဲ့ အလုပ် တဲ့.. ရတာနဲ့ လုပ်ရတာနဲ့ တန်မှတန်သေးရဲ့လားမသိဘူးတဲ့..
တခါတခါ မြို့တမြို့လုံး တနေကုန်သွားနေရတာ နေပူမိုးရွာ မရှောင် ..ဆိုဘဲ..
ကျုပ်ကို  ကိုယ်ချင်းမှမစာဘဲ ပြောနေကြတာ..
ကျုပ်ဆို သူတို့တွေ အဲလို လုပ်နိုင်ဖို့ တတွတ်တွတ် ညွှန်ကြားနေရတာ..
သူတို့တွေ ပိုပိုသာသာ ရဖို့ ပိုက်ဆံတွေပိုပေးနိုင်ဖို့ ကျုပ်က အိုဗာတိုင်ကြေးမယူဘဲ လုပ်ပေးနေတာ..
တခါတခါ မီးပျက် လို့ အဲယားကွန်း က မအေးဘူးဆိုရင် ချွေးတလုံးလုံးနဲ့ အခန်းထဲ ပန်ကာဖွင့်ပြီးနေရတာကို သူတို့တွေက ကိုယ်ချင်းမစာဘဲ ပြောရက်ကြတယ်ဗျာ..
ကြည့်အုံးလေ..အစားအသောက်နဲ့ ပါတ်သက်ရင်လဲ ပြောရက်လိုက်ကြတာ..
ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး..
အိမ်က ထည့်လာတဲ့ ထမင်းဘူးလေး လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေသလို စားကြရသတဲ့...
ကန်စွန်းရွက် ကြော် လေး ကောင်းလှချည့်တဲ့..
ပုဇွန်ဆိတ်လေး မုန်လာဥနဲ့ ချဉ်ရည်သောက်လေး အရမ်းချိုတယ် တဲ့..
ကြက်ရိုးနဲ့ ဘူးသီး အရည်သောက်လေးက ထမင်းအရမ်းမြိန်တယ်တဲ့..
ဒညင်းသီး ပြုပ်လေးနဲ့ ကတက်ချဉ်လေးနဲ့ စားဖို့ ငပိရည်ချို ဖျော်လာခဲ့သတဲ့..
ဒါ.. ကျုပ်ကို ကိုယ်ချင်းမစာဘဲ ပြောတာဗျ..
သူငယ်ချင်းတွေ ချိန်းလို့ ရွှေဘဲမှာ အဖေါ်တွေနဲ့ နေ့ခင်း ထမင်းစားချိန် သွားစားတာ.
ဘဲကင် လေးမှ ကောင်းကောင်းမှာစားရတာ...
ငါးခေါင်း ဟင်းချိုဆိုလဲ မှာစားဖြစ်တယ်ထင်တာဘဲ...
ကိုက်လန် နဲ့ နှစ်တရာ ပဲသီးဆိုတာလဲ ပါလေရဲ့..
အဲဒါမျိုးလေးတွေကို စားရတဲ့ ကျုပ်ကို သူတို့က မညှာမတာ ကိုယ်ချင်းမစာ ပြောရက်ကြလေခြင်း..
ပြီးတော့ ရပ်ကွက်ထဲက အကြောင်းတွေပြောကြတယ် ..
ကျုပ်လို ကွန်ဒိုမျာနေတဲ့ သူကိုမှ ကိုယ်ချင်းမစာ ပြောကြတာ..
သူတို့ ရပ်ကွက်မှာ ရေကြီးရေမြုပ်တဲ့အကြောင်း ..ကွန်ဒိုပေါ်မှာ ရေကြီး ရေမြုပ်တယ်ဆိုတာ မှ မဖြစ်နိုင်တာ.. ကိုယ်ချင်းမစာကြဘူးဘဲ..
အိမ်နားနီးချင်းတွေရန်ဖြစ်ကြတဲ့အကြောင်း ပြောတာလဲ စဉ်းစားကြည့်လေ.. ကျုပ်တို့ ကွန်ဒို ဆိုတာ ဘေးခန်းနေတဲ့သူအချင်းချင်းသိကြတာမှမဟုတ်ဘဲ..အိမ်နီးချင်းတွေ ရန်ဖြစ်ကြတယ်ဆိုတာ ကျုပ် ဘယ်လိုခံစားတတ်မှာလဲ..နည်းနည်းပါးပါး ကျုပ်ဖက်က ခံစားမပေးကြဘူး..
ထားပါတော့လေ..
ဒါတွေက သူတို့ ကိုယ်ချင်းမစာတတ်လို့ ..ကိုယ်ချင်းစာစိတ် မရှိလို့ ပြောကြတာတွေမို့ မသိချင်ယောင်ဆောင်ပြီး မနာသလို နေလို့ရပါသေးတယ်..
သူတို့ မိသားစုတွေ သူတို့ ဝင်ငွေ ၂သိန်းလောက်နဲ့ ချွေချွေတာတာ လောက်လောက် ငှငှ သုံးနိုင်တယ် ဆိုတာကိုတော့ ကိုယ်ချင်းမစာ ပြောလွန်းတယ်ထင်တာဘဲ..
ကျုပ်မှာ တလတလ ကိုယ့်အတွက် ချည်း အသုံးစားရိတ်က ၁၀သိန်းလောက်လေး နဲ့မလောက်လောက်အောင်ခြိုးခြံသုံနေတာကို ..ဒီလို ချိုးချိုးဖဲ့ဖဲ့ ၂သိန်းနဲ့ မိသားစု စားလောက်တယ်လို့ ကိုယ်ချင်းမစာပြောတာကိုပါဘဲ..
ဒီကြားထဲ ဟိုရက်က လူကြီးတယောက်ကလဲ တနေ့ နှစ်ထောင်နဲ့ လောက်အောင် သုံးနိုင်တယ် လို့ပြောသေးတာ..
တကယ်ဆို ..
သူတို့တွေ ဒုက္ခရောက်သလောက် ကျုပ်တို့ ဒုက္ခ မရောက် တာကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ ဆင်းရဲသလိုမျိုး ကျုပ်တို့တွေ မဆင်းရဲကြဘူးဆိုတာကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ စားတာတွေထက် ပိုကောင်းအောင် စားနိုင် သောက်နိုင်ကြတဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ နေကြတယ်ဆိုတာထက် အဆင့်မြင့်မြင့်နေနိုင်ကြတဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ သုံးနိုင်တာထက် ငွေတွေ ဖေါဖေါသီသီ သုံးနိုင်တဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
တကယ်ပါဗျာ.. ပြောရင်းနဲ့ သူတို့တွေ မေတ္တာတရားနည်းပါးပြီး ကိုယ်ချင်းစာနာစိတ် မထားနိုင်တာကို သူတို့ကိုယ်စားရှက်မိပါတယ်..
...
..
..








No comments:

Post a Comment