Thursday, November 7, 2013

ဟင်းကောင်းလေးတော့ချက်ကျွေးပါ ဒွေးလေးရယ်...

“သားတို့ထမင်းစားတော့မယ်ဒွေးလေးးရေ”

“အေး..လာကြလာကြ..ထမင်းပွဲက အဆင်သင့်ပါဘဲကွယ်”

“အဲ ဒွေးလေးကလဲ ကြက်ဥပြုတ်ကြီးနဲ့ စားရမှာလား…”

“ဟဲ့ ငပိရည်နဲ့ဗူးညွှန့်ပြုတ် တို့စရာလည်းလုပ်ထားပေးတယ်လေ..”

“ဒီဟင်းချိုကလည်း ဗူးညွှန့် ဟင်းချိုဘဲ မဟုတ်လားဒွေးလေးရဲ့”

“ဒွေးလေးရယ် ..တကယ်ဆို ခြံထဲကထွက်တဲ့ ဗူးသီးနဲ့ အိမ်အောက်က ကြက်မဒန်းလေး ချက်စားရရင်ကောင်းမှာ..”


“အံမယ် နင်က ကောင်းမယ်လို့ဘဲတွေးနေ… နင့်အဘ ငရွှေ က ခုလောက်ဆို စားပြီးလို့ ထမင်းလုံးတောင် စီနေလောက်ပြီ..”

“ဘယ်လို ဘယ်လို ဒွေးလေးရဲ့ အဘက ဘယ်မှာထမင်းလုံးစီနေမှာလဲ…”

“နင့်အဘ ငရွှေရယ်လေ…ဟိုကောင် ငတေဆိုတဲ့ကောင် “ဇ”ကလည်းရှိပြီးသားဆိုတော့ အဲကောင်နဲ့ပေါင်းပြီး ဒို့ဘိုးဘွားအမွေတွေခိုးပြီး ရောင်းစားလိုက် သောက်စားမူးရူးနေတာ ကြာပြီ..နင်တို့သိတယ်မလား..”

“ဟုတ်တယ်လေ ဒွေးလေးရဲ့..ခုဟာက သားတို့စားမဲ့ ကိစ္စလေ..”
“အေး နင်တို့စားဖို့အတွက် ခြံထဲစိုက်ထားတဲ့ ဗူးသီးလေး..မွေးကင်းတောင် မသေသေးဘူး..ခိုးပြီးခူးသွားပြီလေ..”

“အဲဒါတင်မကသေးဘူး…ဗူးသီးနုနု နဲ့ချက်စားလို့ရအောင်ဆိုပြီး တနေ့ကမှ စပြီးဥတဲ့ ကြက်မဒန်းမလေးကိုပါ ခိုးသွားသေးတယ်ဟဲ့..”

“ဒါဆို ဒီကြက်ဥက အဲဒီကြက်မဒန်းမလေးရဲ့ ဥပေါ့..”

“ဟုတ်ပါ့တော်..နင့်အဘ ငရွှေက ကိုယ့်ခလေးတွေစားဖို့မှမချန် ရှိသမျှ အားလုံး ငတေနဲ့ ပေါင်းခိုးနေတော့တာဘဲ..”

“ဘဒွေး ကကောဘာမှမပြောနိုင်ဘူးလား..”

“အဲဒါပြောတာပေါ့..ရှိသမျှလိုက်သိမ်းနေတဲ့ နင့်ဘဒွေး ငစိန်ကိုဘဲ ကြည့်တော့…မပြောရဲ မဆိုရဲနဲ့..တခါတခါ ငရွှေခိုင်းတာတောင် ကြောက်ကြောက်နဲ့ လုပ်ပေးနေရတာ…”

“ရှောက်ပြောနေ ဒွေးလေး.. တော်ကြာ ဒွေးလေးကို လာရမ်းနေဦးမယ်..”

“ကြောက်ပေါင်တော်..နင့်အဘ ငရွှေကို..”

“ဒါဆို သူ့ဘော်ဒါ ငတေ ကိုကော….”

“မကြောက်ပေါင်..သူက ငရွှေခိုးထားတာလေးတွေကို ခြူစားရင်းနှပ်နေတဲ့ကောင်ဘဲ..”

“ဒါဆို အဘတို့က ခိုးထားတာတွေကို ဘယ်သွားရောင်းတာတုန်း ဒွေးလေးရဲ့..”

“ဟဲ့..ဘေးခြံက တရုပ်ကြီးကို ခိုးရောင်းနေတာပေါ့..တကယ်တော့ အဲဒီတရုပ်ကြီး က သူခိုးလက်ခံလေ..
နင်တို့မတွေ့ဘူးလား သူ့အိမ်က အိမ်သာကျင်းတောင် ငါတို့ခြံထဲလာတူးထားတာ”

“မတူးရသေးပါဘူးဒွေးလေးရယ်..လာတူးမယ်လို့ပြောနေတာ..”

“အဲဒါ ငစိန်က သူ့တသက် မလုပ်ရဘူးလို့ကြိမ်းထားလို့”

“ဒွေးလေးကလဲ မကြိမ်းရဲပါဘူး..သွားချော့ထားတာပါ..”

“ဘယ်လိုဖြစ်ဖြစ် အဲဒီတရုပ်ကြီးက နင့်အဘ ငရွှေနဲ့ ပေါင်းနေတော့ ဒီလိုဘဲဖြစ်မှာဘဲ”

“ဒွေလေးတို့ မပြောကြဘူးလား…”

“အိုး.. ဘယ်သူကပြောရဲမှာလဲ..စစ်ခါးပါတ်ကြီးနဲ့ ချွတ်ချွတ်ရိုက်တာကြောက်ရလွန်းလို့အေ...”

“ခုမရိုက်တော့ဘူးမဟုတ်လား…”

“ဟဲ့ သူ့စစ်ခါးပါတ်ကြီးက လက်ကမချသေးဘူး..မရိုက်ဘူးဘယ်သူပြောနိုင်မလဲ..”

“ဒါဆိုလဲ ဒွေးလေးတို့က ရွာသူကြီးတိုင်ပါလား..”

“ဟိုတခေါက် ဘေးခြံက ခြံစည်းရိုး လာတိုးတဲ့ကိစ္စတုန်းက သူကြီးသွားပြောမိပါတယ်..”

“လာရှင်းပေးတယ်မဟုတ်လား..”

“လာတော့လာကြပါတယ်..သူတို့အမျိုးတွေဖြစ်နေလို့ ပြဿနာမရှုပ်ခင် ထမင်းကျွေးလွှတ်လိုက်ရတာ…ထမင်းဖိုးတောင် ရှုံးသေးတယ်…”

“ကဲ ကဲ.. စားစရာရှိတာလေးတွေနဲ့ ဝဝလင်လင်ရှိအောင်စားကြ..နင့်အဘ ငရွှေ ငတေနဲ့ပေါင်းမိကထဲက ရှိသမျှ ဘိုးတွေ ဘွားတွေ စုခဲ့သမျှ ကုန်သလောက်ဖြစ်နေပြီ..နင်တို့ဘဒွေး ငစိန်လဲ..အားကိုးဖို့မစဉ်းစားနဲ့ သူက ခုထိ နင့်အဘ ငရွှေကို ကြောက်နေရတုန်းဘဲ…သူရှိလဲ နင့်အဘ ကခိုးတာနဲ့ ရှိသမျှ ကုန်မှာ…”

“ဒါပေမဲ့ သားတို့ ကံကောင်းပါတယ်ဒွေးလေးရယ်..”

“ဟဲ့ ..ဒီလောက်ဆိုးနေတာတောင် နင်တို့က ဘာကံကောင်းနေကြတာတုန်း..”

“ဒွေးလေးရှိလို့ပေါ့..ဒွေးလေးသာမရှိရင် …သားတို့ကို ဘယ်သူကစောင့်ရှောက်လို့ ဘယ်သူက ထမင်းချက်ကျွေးမှာလဲ… ဒွေးလေး ချက်ကျွေးလို့က ဘာဟင်းဖြစ်ဖြစ်စားပါ့မယ် …”



နွေဦး စောင်းပြောသည်....။













No comments:

Post a Comment