Monday, December 9, 2019

ငါ မပိုင်ပါဘူး.

ငါစီး‌နေတဲ့ကားက ငါ မပိုင်ဘူး...
ငါ‌နေတဲ့အိမ်လည်း ငါ မပိုင်ဘူး...
ငါလုပ်နေတဲ့ အလုပ်လဲ ငါ မပိုင်ဘူး...
(‌ရွေး‌ကောက်ပွဲဝင်မှာမို့ ပိုင်ဆိုင်မှုတွေ ချပြနေတာမဟုတ်ပါ )
...
ငါ့ကိုယ်ငါ‌တောင် ငါမပိုင်ဘူး ဆိုတဲ့ အနတ္တ ပါ....
.....
မနာပါလို
ငါကဆိုလည်း
ငါဆိုမရ  နာကြရ
အနတ္တ ခန္ဓာကိုယ်...

မအိုပါလို 
ငါကဆိုလည်း
ငါဆိုမရ   အိုကြရ 
အနတ္တ ခန္ဓာကိုယ်...

မသေပါလို 
ငါကဆိုလည်း 
ငါဆိုမရ   သေကြရ 
အနတ္တ ခန္ဓာကိုယ်...
.....
အနိစ္စ ဒုက္ခ အနတ္တ...










Monday, March 12, 2018

ဂျင်း ရဲ့ အစ

တနေ့က သူငယ်ချင်း တယောက်က မေးတယ်..
မင်းတို့ က ဂျင်း မိပြီ.. ဂျင်းထည့် ခံရပြီ.. ဂျင်း..ဂျင်း.. နဲ့ ပြောနေတာ ဘာတုန်းကွ  တဲ့ ..
အဲဒီ ဂျင်းဆိုတဲ့ စကား ကို အစ ဖေါ်ရမယ်ဆို စိန်ဂျွန်းဈေး ကို ပြန်သွားကြရမှာဘဲ..။
စိန်ဂျွန်းဈေး ဆိုတာ အခု မင်းရဲကျော်စွာလမ်း လို့ခေါ်တဲ့ စိန်ဂျွန်းလမ်းနဲ့ ပြည်လမ်း ဆုံတဲ့ နေရာ..
City Mall လို့ခေါ်တဲ့ ဈေး နေရာပေါ့.. ။
အရင် ရန်ကုန်ထောင်ကြီးရဲ့ အုတ်နံရံဘေးမှာပါ.. ။
ရန်ကုန်ထောင်ကြီးဆိုတာက ဗိုလ်ချုပ်လမ်းနဲ့ ဘုန်းကြီးလမ်း ပြည်လမ်းတို့ဆုံတဲ့နေရာမှာပါ..။
ထောင်ကြီးဖျက်ပြီးတော့ ရန်ကုန် ဆေးရုံ (ဂျပန်ဆေးရုံ) ဆောက် ထားပါတယ်..။
ယခင် စိန်ဂျွန်းဈေးနေရာ.. 

ကဲ.. စကားအစ စိန်ဂျွန်းဈေးကို ပြန်သွားကြရအောင်.. ။
အရင်ခေတ်တခုမှာ မှောင်ခိုစီးပွါးရေး ကြီးထွားလာတဲ့အချိန် တခုရှိခဲ့တယ်.. ။
ယိုးဒယားက အခွန်မဲ့ပစ္စည်းတွေ ခိုးသွင်းပြီး မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ရောင်းခဲ့တဲ့ခေတ်ပေါ့..။
အဲဒီသွင်းလာတဲ့ မှောင်ခိုပစ္စည်းတွေကို အထင်ကရ မှောင်ခို ဈေးကြီး သုံးဈေးမှာ ရောင်းကြတယ်..။
တောင်ဥက္ကလာ ၁၀ရပ်ကွက်ဈေးက အထည်အလိပ်တွေ ပါတိတ် ဖေါ့ရှန် စတာတွေ ရောင်းတဲ့ ဒိုင်တွေ ..။
လေဟာပြင်ဈေးကတော့ ပီနန်က ဝင်တဲ့ ဘေထုတ် အထည်ဟောင်းတွေ ရောင်းတဲ့ လက်လီလက်ကား ဆိုင်တွေ..။
စိန်ဂျွန်းဈေးကတော့ လူသုံးကုန် တွေ ရေဒီယို ကက်ဆက်တွေ အဓိက ဖြန့်တဲ့ ဒိုင်တွေပါ...။
အဲဒီခေတ်က ရေဒီယို ခေတ်ကနေ ကက်ဆက် ခေတ်ကို ပြောင်းတဲ့အချိန်မို့ မှောင်ခို ဝင်လာတဲ့ ကက်ဆက်တွေက မော်ဒယ်အသစ်တွေ တမျိုးပြီးတမျိုး ဖေါချင်းသောချင်း ဝင်နေ အရောင်းအဝယ်ဖြစ်နေတာပေါ့.. ။
အရောင်းအဝယ်ကောင်းလာတော့ စိန်ဂျွန်းဈေးမှာ ကက်ဆက်ပွဲစား ဆိုတဲ့ လူတန်းစားတရပ် ပေါ်လာခဲ့တယ်.. ။ ပွဲစားဆိုတာတွေက အဲဒီက စလာတာလားလို့တောင်ထင်ရတယ်..။
အနယ်နယ်အရပ်ရပ်က ကက်ဆက်ဝယ်မယ်လို့ စိန်ဂျွန်းဈေးထဲ ရောက်လာရင် ပွဲစားတွေနဲ့ ရှောင်လို့ လွတ်တဲ့သူရှားပါတယ်..။
ဒီကနေ  ဂျင်း အကြောင်းပြောရအုံးမယ်..။
ဂျင်းဆိုတာ စားတဲ့ ဂျင်းတက် ကို ပြောတာမဟုတ်ပါဘူး..
အဲဒီချိန် လူငယ်တွေကြား ခေတ်စားနေတဲ့ Jean ဘောင်းဘီကို ကိုယ်စားပြုတဲ့ ဂျင်းပါ..။
ဂျင်းဘောင်းဘီဆိုတာကလဲ အသစ် စက်စက်ထက် ဟောင်းနွမ်း အရောင်ပျက်တဲ့ ဂျင်းဘောင်းဘီကိုမှ ပိုကြိုက်ကြတာ..။ ဟောင်းလေ ကောင်းလေ ပေါ့..။
ဂျင်းဆိုတာ ဒီလို စုတ်မှ ဟောင်းမှ လူငယ်ကြိုက်.. 
ဂျင်းဆိုတာ ဒီလို စုတ်မှ ဟောင်းမှ လူငယ်ကြိုက်..


                                                                                                                                       ကက်ဆက် ဝယ်ဖို့ လာတဲ့သူတွေက ပွဲစားရဲ့ ဆွဲဆောင်ချက်နဲ့ ကက်ဆက် ဆိုင် တဆိုင်ဆိုင်ကို ရောက်တယ်ဆိုရင်ပေါ့...
ပွဲစားက ဆိုင်ရှင်ကို " ဗျို့ ကို စံချိတ်ရေ.. ကျွန်တော့မိတ်ဆွေက ကက်ဆက်လေး လိုချင်လို့.. " ဆို ပြီး မိတ်ဆက် ပေးတော့တာဘဲ.. ။
ပွဲစား စကားက စံချိတ် လို့ ပြောရင် ဆိုင်ရှင် က ပွဲခ အစိတ် (၂၅ ကျပ် ) ချန် ပေးရမယ်လို့ နားလည်ရပါတယ်..။
နှစ်စံချိတ် ဆို  နှစ်စိတ်.. ၅၀ ကျပ် ချန်ပေးရတယ်..။
ကိုလေးစံ လို့ ခေါ်လိုက်ပြီဆို လေးစိတ် . ၂၅×၄= ၁၀၀ ကျပ် ချန်ပေးရသဗျ..။
ကို ချစ်စံ ဆိုရင် တော့ ရှစ်စံ လို့ပြောတာမို့၂၀၀ကျပ်ချန် လို့ နားလည်ပေးရတယ်..။
ခုခေတ် ပွဲစားတွေ ဒီလို ငွေဖေါင်းပွနေတော့ ဘယ်လိုတွေ အစံချိတ်နေကြပါလိမ့်မလဲ... ။
ဟိုခေတ်က ရေပန်းစားတဲ့ မိုနို ကက်ဆက်လေး..

အဲဒီမှာ ဝယ်သူနဲ့ ရောင်းသူကြား ဈေးမတည့်နိုင်တဲ့အခါမျိုးမှာ ဈေးပေါတဲ့ အဟောင်းကို အသစ်လို ပြုပြင်ထားတဲ့ ကက်ဆက်တွေကို လိမ်ရောင်းဖို့အတွက် ပွဲစားနဲ့ ဆိုင်ရှင် ညှိကြရပါတယ်.. ။
အဲလိုအချိန် ဆိုင်ရှင်က ပွဲစားကို " မင်းဟိုနေ့က ဝတ်လာတဲ့ ဂျင်းဘောင်းဘီ ဘယ်မှာ ဝယ်တာလဲ " လို့ စကားဝှက်နဲ့အဟောင်း ပြပြီးရောင်းမယ်လို့ အချက်ပေးတတ်ကြတယ်.. ။
ပွဲစားကလဲ အဟောင်းရောင်းမယ်ဆို သူပွဲခ ၁၀၀ ကျပ်ရမှ ဖြစ်မယ် ဆို ဒီလိုပြန်ပြောတယ်ဗျ.. " အဲဒါက ကိုလေးစံဆီက ဗျ.. ကြိုက်ရင် ယူလေဗျာ.. " ဆို အခြင်းခြင်း နားလည်ကြတယ်..။
အဲဒီကနေမှ.. ပွဲစားတွေက ဂျင်းဘောင်းဘီကနေ ဂျင်း ဆိုပြီး တရွေ့ရွေ့ နဲ့ အဟောင်း အပျက်ကို ဂျင်း ဆိုပြီးသုံး ကြရင်း လိမ်ရောင်းလိုက်ရင် ဂျင်းထည့်လိုက်တယ်.. အလိမ်ခံရရင် ဂျင်းထည့်ခံရတယ်ဆိုပြီး စိန်ဂျွန်းဈေး ပွဲစားလောက မှာ ဘန်းစကားနဲ့ သုံးကြရင် ခုတော့ ဂျင်းကောင်များအထိ ပြောင်းလဲ သုံးလာကြပါပြီ.. ။

နွေဦးသစ်စိမ်း ဂျင်းထည့်သည်..။








Friday, September 15, 2017

ကံကောင်းအောင် ကြိုးစားကြပါ.

အတိတ်ကံ အထောက်အပံ့ ကောင်းချိန်
မြှားအစင်းတစ်ရာတို့ နှင့်
ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်သော်လည်း
ကံအဟောင်းတို့ ထောက်ပံ့ နေချိန်မှာ
သေကံမရောက် အသက်ဘေးမှ လွတ်မြောက် နိုင်သည် ။
အတိတ်ကံ မှေးမှိန်ချိန် ရောက်လျှင်
သမန်းမြက် တစ်ပင် စူးရှရုံနဲ့
ကံအဟောင်းအညစ်တို့ နှိပ်စက်သဖြင့်
သေခြင်းတရားကို ရှောင်ကွင်း၍ မလွတ်နိုင်...။

အတိတ်ကံ အထောက်အပံ့ ကောင်းချိန်
သမားဟူးရားတို့နှင့်ဝေးရာတောတောင်အရပ်တွင်သော်မှ
အနာရောဂါ နှိပ်စက်သော်လည်း
ကံအဟောင်းတို့ ထောက်ပံ့ နေချိန်မှာ
သေကံမရောက် အသက်ဘေးမှ လွတ်မြောက် နိုင်သည် ။
အတိတ်ကံ မှေးမှိန်ချိန် ရောက်လျှင်
ကြောပူခေါင်းကိုက် ဖျားနာမျှနှင့်ပင်လျှင်
ဆေးဆရာတို့ ဝိုင်းရံ စောင်ရှောက် ကုသသော်လည်း
ကံအဟောင်းအညစ်တို့ နှိပ်စက်သဖြင့်
သေခြင်းတရားကို ရှောင်ကွင်း၍ မလွတ်နိုင်...။

အတိတ်ကံ အထောက်အပံ့ ကောင်းချိန်
စီးပွားဥစ္စာ ရှာရလွယ်ကူပြီး
သူခိုးသူဝှက်တို့ ခိုးယူ လုယက်သော်လည်း မကုန်ခမ်းနိုင်..။
အတိတ်ကံ မှေးမှိန်ချိန် ရောက်လျှင်
မိတ်ဆွေကောင်းများက စောင့်ရှောက်သော်လည်း
စီးပွားဥစ္စာ ပျက်စီးခြင်း ကို မထောက်ပံ့နိုင်..။

Wednesday, July 5, 2017

အသက်ရှည်ဖို့ ဒါတွေလုပ်မယ်..

ကျုပ် အရွယ် က ရှင်းရှင်းပြောရရင် သေဖို့ နီး ပြီ..
အို နာ သေ ဆိုတာ အမှန် ဖြစ်မယ်ဆိုရင် ကျုပ်က အိုတဲ့ အဆင့်မှာ..
ပြီး ရင် နာ.. သေ.. ဖို့ ဖြစ်နေပြီ..
တချို့က မအိုခင် မနာခင် မသေခင် ဘာတွေလုပ်သင့်တယ် ..ဘာတွေ ရှောင်ရမယ် ..အဲလိုတွေ ပြောကြတာပါဘဲ..
သူတို့ပြောတဲ့ ဟာတွေထဲက ကောင်းတာလေးတွေ စုပြီး လုပ်ကြည့်ရမှာဘဲ..
သူတို့ပြောသလို မအို မနာ မသေ  တော့ဖြစ်မှာ မဟုတ်ဘူး..
အိုမှာ နာမှာ သေမှာ ပါဘဲ..
အဲဒီတော့  အိုရင်း နာရင်း သေမဲ့အချိန်ကို အမြန်မရောက်အောင်
လူပြောသူပြော နည်းလေးတွေ ရှာကြည့်တာဘဲ.. ။
တချို့က ရယ်သောသူ အသက်ရှည် ၏ တဲ့ ..
အသက်ရှည်အောင် တနေ့လုံး ထိုင် ရီ နေရမယ် ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး..
အရပ်က ဖမ်းပြီး အရူးထောင် ပို့မှာ.. ။
တချို့ကလဲ ပျော်ပျော်နေ သေခဲ..တဲ့..
မသေအောင် အပျော်တွေချည်းရှာနေရင်း
ကာရာအိုကေတို့ မာဆတ်တို့လို သွားရင် လဲ တရားမဝင် ဖွင့်တဲ့ဆိုင်တွေဘဲမို့
တရားဝင်ဆိုင် ရှာမရတာနဲ့ အဖမ်းခံရမှာဘဲ.. ။
လူငယ်တွေလို အပျော်ရှာမယ်ကြံပြန်တော့
ဒီအရွယ်ကြီးကျမှ AIDS တို့ HIV တို့ဆိုတာနဲ့ သင့်ပါ့မလား.. ။
…..
အသက်ရှည်ရှည် နေနိုင်မဲ့နည်းလေးတော့ ကိုယ့်အတွက် ကိုယ် ရှာရတော့မယ် ..
၁ ။  ။ အစားအသောက် ကို မျှတအောင် စားမယ် ။
အသက်ကြီးလာလို့ သွားတွေက သိတ်မကောင်းတော့တာမို့ အစာ မာမာတွေ သိပ်မစားဖို့ လိုတယ် ။ အစာစားရင် ကြေညက်အောင် ဝါးဖို့ လိုမယ် ။  အလွန်အကျွံ မစားမိဖို့လဲ လိုမယ် ။ အစာအိမ်နဲ့ အူလမ်းကြောင်းတွေက ငယ်ငယ်ကလို မသန်မာတော့ဘူး..။ သူတို့ကို ပင်ပင်ပန်းပန်းလုပ်ခိုင်းရင် သူတို့ မြန်မြန်သေမှာ ။သူတို့သေရင် ကိုယ်လဲ သေမှာ.။
၂ ။  ။အိပ်ချိန် မှန်မှန် နဲ့ အိပ်ရေးဝအောင် အိပ် ပါမယ် ။
အသက်ကြီးလာတော့ ခန္ဓာကိုယ်ထဲမှာ အပျက်အစီးတွေများလာပါတယ် ။ ဒါတွေကို ပြုပြင်ဖို့ အချိန်ပေးရပါမယ် ။ ငယ်ရွယ်တုန်းကတော့လှုပ်ရှားသွားလာရင်းနဲ့ ပြုပြင် နိုင်ပေမဲ့ အသက်ကြီးလာတဲ့အခါ ရပ်နားပြီးပြုပြင် မှ အဆင်ပြေမှာမို့ ခန္ဓာကိုယ်ကို ရပ်နားပေးဖို့လိုပါတယ်..။ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အနားယူ ပြုပြင် မှုတွေ လုပ်နိုင်ဖို့ အါပ်ချိန်ကို များများပေးရပါမယ် ။
၃ ။  ။ စိတ် ကို အေးချမ်းအောင် ထားပါမယ် ။
စိတ်ဆိုတာ အလွန် လှုပ်ရှားပြီး ထိန်းရခက်တယ် လို့ ဘာသာရေး တရားတွေမှာ ဆိုပါတယ် ။ ဘာသာရေးလိုက်စားပြီး တရားရိပ်သာတွေမှာ သွားနေဖို့ စဉ်းစားပြန်တော့ ကိုယ့်အပူထက် ရိပ်သာ အပူက ပိုကြီးနေကြတာ.. ။ စိတ်အေးအောင် ဆို ဘယ်မှာဘဲ နေနေ စိတ်ထဲ ဘာမှ မထားမှ ဖြစ်မယ် ။ အဓိက က စပ်စုတဲ့စိတ်  သူများအကြောင်းသိချင်တဲ့စိတ် က စိတ် ကို ပူအောင် လုပ်တဲ့အထဲ အဓိက ဘဲ ။ ပြီးတော့ ဆရာကြီး လုပ်ချင်တဲ့ စိတ်  ငါသိတယ် ငါတတ်တယ် ငါလုပ်မှ ဖြစ်မယ် ဆိုတဲ့စိတ် ။  အဲဒီစိတ်တွေက စိတ်အေးအောင် မလုပ်နိုင်ဘူး..။ ဒါ့ကြောင့် ခေါင်းထဲ ရှင်းအောင် ဘာမှ မထည့်မှဖြစ်မှာ..။
၎ ။  ။ ခန္ဓာကိုယ် ကို ဂရုစိုက်နေပါမယ် ။
သူတပါးတွေကို ဂရုစိုက်စရာမလိုပါ ။ မိမိခန္ဓာကိုယ်ကိုသာ ဂရုတစိုက်နဲ့ ပိုးမွေးသလို မွေးပါမယ် ။ ရာသီဥတုဒဏ်မခံ ရအောင် နေပူ မိုးရွာ အအေးဒဏ် မခံရအောင် မျှမျှ တတ နေနိုင်အောင် သတိထားရပါမယ် ။ ရာသီ အပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့ တုတ်ကွေးလို အာဂန္ဓု ရောဂါတွေကို မဖြစ်ရအောင် ဂရုစိုက်ပါမယ် ။ ရာသီစာကြောင့်ဖြစ်တတ်တဲ့ ဝမ်းဖေါဝမ်းရောင် လို ရောဂါ မဖြစ်ရအောင် အစားကို ဆင်ခြင်ပါမယ် ။ ရုတ်တရက် ထိခိုက် အနာတရမဖြစ်စေဖို့ အသွားအလာ ဆင်ခြင်ပါမယ် ။ လမ်းဖြတ်လမ်းကူး ယာဉ်အန္တရာယ် ကင်းအောင် ဂရုစိုက်ပါမယ်..။
၅ ။  ။ ကျန်းမာရေး ဗဟုသုတ ရှိအောင် နေပါမယ် ။
လူဆိုတာ အိုလာပြီဆိုတော့ အချိန်မရွေး နာလာလိမ့်မယ် လို့ မျှော်လင့်ထားရပါမယ် ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဗဟုသုတ တွေကို လေ့လာထားပြီး ခေတ်နဲ့အညီ မျက်ခြေမပြတ်အောင် နေရပါမယ် ။ ရာသီချိန်လိုက် ဖြစ်တတ်တဲ့ ရောဂါတွေ ၊ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ရောဂါ အသစ်အဆန်းတွေ ၊ ဒီရောဂါတွေ ရဲ့ ကုထုံးတွေ ၊ မြန်မာဆေးမြီးတိုတွေ ..ဒါတွေလဲ သိအောင် လေ့လာထားပါမယ် ။ တော်ရုံ ဝေဒနာ လောက်က ဆေးမြီးတိုနဲ့ ပျောက်ချင်ပျောက်မှာ..။ ပြီးတော့ ဆေးရုံ ဆေးခန်း ဆရာဝန်တွေ ..ရိုးရိုး ဆရာဝန် အထူးကုဆရာဝန်တွေကိုလဲ လေ့လာထားပါမယ်..။ မတော်တဆ ကိုယ်ဖြစ်နေတဲ့ ရောဂါ ဆေးရုံ ဆေးခန်းပြရမယ်ဆို ဘယ်ဆရာဝန်ပြသင့်လဲလို့  သိအောင် လို့ပါ..။ မရွေးမမှန်ရင် ဆရာဝန်က ရောဂါတခြား ကုထုံးတခြားနဲ့ ဆရာများ သားသေ ဖြစ်မလား ဆေးအတွက် လေး ဆိုတာမျိုး ဖြစ်မလား မပြောနိုင်ဘူးလေ..။
ကိုယ်တွေက သူများတွေလို ထစ်ကနဲရှိ နိုင်ငံခြားထွက် ပြီး ဆေးစစ် ဆေးကု လုပ်နိုင်လောက်တဲ့ ပိုက်ဆံက မရှိတော့ မြန်မာစကားပုံ အတိုင်း  အသက် ဥာဏ်စောင့် ဆိုသလို လုပ်ရမှာကိုး..။
ခုပြောတဲ့ ကျုပ် ရဲ့ ကိုယ့်ကိုယ်ကို အသက်ရှည် အောင် နေဖို့ နည်းက အလုပ်ဖြစ်မယ် ထင်ပါတယ်..။ တကယ်လို့ မိတ်ဆွေတွေလဲ ဒီနည်းကို နှစ်သက်တယ် ဆို လိုက်နာ ကျင့်သုံး နိုင်ပါတယ် ။ ဒီနည်းက နွေဦးရဲ့ ကိုယ်ပိုင် နည်းဖြစ်ပေမဲ့ နိုင်ငံတကာမှာ ရီဂျစ်စတာ (ရေစစ္စရီ ) မူပိုင် လုပ်မထားတဲ့ အတွက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ် ။

 
နွေဦး တွေးမိသလို ရေးမိပါသည် ။

Saturday, June 24, 2017

ကျုပ် ကိုလဲ ကိုယ်ချင်းစာ ကြပါအုံး..

ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေ..
နည်းနည်းပါးပါး ကိုယ်ချင်းစာ တရားလဲ ထားကြပါအုံး..
မညှာမတာ ကိုယ်ချင်းမစာ ပြောရက်လိုက်ကြတာ..
ကြည့်ပါအုံး အလုပ်ဆိုလဲ  ပြောရက်လိုက်ကြတာ..
တနေ့တနေ့ လုပ်လိုက်ရတဲ့ အလုပ် တဲ့.. ရတာနဲ့ လုပ်ရတာနဲ့ တန်မှတန်သေးရဲ့လားမသိဘူးတဲ့..
တခါတခါ မြို့တမြို့လုံး တနေကုန်သွားနေရတာ နေပူမိုးရွာ မရှောင် ..ဆိုဘဲ..
ကျုပ်ကို  ကိုယ်ချင်းမှမစာဘဲ ပြောနေကြတာ..
ကျုပ်ဆို သူတို့တွေ အဲလို လုပ်နိုင်ဖို့ တတွတ်တွတ် ညွှန်ကြားနေရတာ..
သူတို့တွေ ပိုပိုသာသာ ရဖို့ ပိုက်ဆံတွေပိုပေးနိုင်ဖို့ ကျုပ်က အိုဗာတိုင်ကြေးမယူဘဲ လုပ်ပေးနေတာ..
တခါတခါ မီးပျက် လို့ အဲယားကွန်း က မအေးဘူးဆိုရင် ချွေးတလုံးလုံးနဲ့ အခန်းထဲ ပန်ကာဖွင့်ပြီးနေရတာကို သူတို့တွေက ကိုယ်ချင်းမစာဘဲ ပြောရက်ကြတယ်ဗျာ..
ကြည့်အုံးလေ..အစားအသောက်နဲ့ ပါတ်သက်ရင်လဲ ပြောရက်လိုက်ကြတာ..
ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး..
အိမ်က ထည့်လာတဲ့ ထမင်းဘူးလေး လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေသလို စားကြရသတဲ့...
ကန်စွန်းရွက် ကြော် လေး ကောင်းလှချည့်တဲ့..
ပုဇွန်ဆိတ်လေး မုန်လာဥနဲ့ ချဉ်ရည်သောက်လေး အရမ်းချိုတယ် တဲ့..
ကြက်ရိုးနဲ့ ဘူးသီး အရည်သောက်လေးက ထမင်းအရမ်းမြိန်တယ်တဲ့..
ဒညင်းသီး ပြုပ်လေးနဲ့ ကတက်ချဉ်လေးနဲ့ စားဖို့ ငပိရည်ချို ဖျော်လာခဲ့သတဲ့..
ဒါ.. ကျုပ်ကို ကိုယ်ချင်းမစာဘဲ ပြောတာဗျ..
သူငယ်ချင်းတွေ ချိန်းလို့ ရွှေဘဲမှာ အဖေါ်တွေနဲ့ နေ့ခင်း ထမင်းစားချိန် သွားစားတာ.
ဘဲကင် လေးမှ ကောင်းကောင်းမှာစားရတာ...
ငါးခေါင်း ဟင်းချိုဆိုလဲ မှာစားဖြစ်တယ်ထင်တာဘဲ...
ကိုက်လန် နဲ့ နှစ်တရာ ပဲသီးဆိုတာလဲ ပါလေရဲ့..
အဲဒါမျိုးလေးတွေကို စားရတဲ့ ကျုပ်ကို သူတို့က မညှာမတာ ကိုယ်ချင်းမစာ ပြောရက်ကြလေခြင်း..
ပြီးတော့ ရပ်ကွက်ထဲက အကြောင်းတွေပြောကြတယ် ..
ကျုပ်လို ကွန်ဒိုမျာနေတဲ့ သူကိုမှ ကိုယ်ချင်းမစာ ပြောကြတာ..
သူတို့ ရပ်ကွက်မှာ ရေကြီးရေမြုပ်တဲ့အကြောင်း ..ကွန်ဒိုပေါ်မှာ ရေကြီး ရေမြုပ်တယ်ဆိုတာ မှ မဖြစ်နိုင်တာ.. ကိုယ်ချင်းမစာကြဘူးဘဲ..
အိမ်နားနီးချင်းတွေရန်ဖြစ်ကြတဲ့အကြောင်း ပြောတာလဲ စဉ်းစားကြည့်လေ.. ကျုပ်တို့ ကွန်ဒို ဆိုတာ ဘေးခန်းနေတဲ့သူအချင်းချင်းသိကြတာမှမဟုတ်ဘဲ..အိမ်နီးချင်းတွေ ရန်ဖြစ်ကြတယ်ဆိုတာ ကျုပ် ဘယ်လိုခံစားတတ်မှာလဲ..နည်းနည်းပါးပါး ကျုပ်ဖက်က ခံစားမပေးကြဘူး..
ထားပါတော့လေ..
ဒါတွေက သူတို့ ကိုယ်ချင်းမစာတတ်လို့ ..ကိုယ်ချင်းစာစိတ် မရှိလို့ ပြောကြတာတွေမို့ မသိချင်ယောင်ဆောင်ပြီး မနာသလို နေလို့ရပါသေးတယ်..
သူတို့ မိသားစုတွေ သူတို့ ဝင်ငွေ ၂သိန်းလောက်နဲ့ ချွေချွေတာတာ လောက်လောက် ငှငှ သုံးနိုင်တယ် ဆိုတာကိုတော့ ကိုယ်ချင်းမစာ ပြောလွန်းတယ်ထင်တာဘဲ..
ကျုပ်မှာ တလတလ ကိုယ့်အတွက် ချည်း အသုံးစားရိတ်က ၁၀သိန်းလောက်လေး နဲ့မလောက်လောက်အောင်ခြိုးခြံသုံနေတာကို ..ဒီလို ချိုးချိုးဖဲ့ဖဲ့ ၂သိန်းနဲ့ မိသားစု စားလောက်တယ်လို့ ကိုယ်ချင်းမစာပြောတာကိုပါဘဲ..
ဒီကြားထဲ ဟိုရက်က လူကြီးတယောက်ကလဲ တနေ့ နှစ်ထောင်နဲ့ လောက်အောင် သုံးနိုင်တယ် လို့ပြောသေးတာ..
တကယ်ဆို ..
သူတို့တွေ ဒုက္ခရောက်သလောက် ကျုပ်တို့ ဒုက္ခ မရောက် တာကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ ဆင်းရဲသလိုမျိုး ကျုပ်တို့တွေ မဆင်းရဲကြဘူးဆိုတာကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ စားတာတွေထက် ပိုကောင်းအောင် စားနိုင် သောက်နိုင်ကြတဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ နေကြတယ်ဆိုတာထက် အဆင့်မြင့်မြင့်နေနိုင်ကြတဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
သူတို့တွေ သုံးနိုင်တာထက် ငွေတွေ ဖေါဖေါသီသီ သုံးနိုင်တဲ့ ကျုပ်တို့ကို ကိုယ်ချင်းမစာပေးနိုင်ကြဘူးလား..
တကယ်ပါဗျာ.. ပြောရင်းနဲ့ သူတို့တွေ မေတ္တာတရားနည်းပါးပြီး ကိုယ်ချင်းစာနာစိတ် မထားနိုင်တာကို သူတို့ကိုယ်စားရှက်မိပါတယ်..
...
..
..








Friday, June 9, 2017

စားပွဲထိုးက အဓိက လား...



"ဟာ.... အပြောင်းလဲကြီးပြောင်းလဲနေပါလားဟ ငနွေရ..."
" ဘပွမ် ကလဲ.. ဒါ ဘာဟုတ်သေးလို့လဲ.. ဒါ့ထက် ဒါတာတွေတောင် ရှိသေး.."
" ဟေ.. ဒါကြီး ဒီလောက် ကောင်းနေတာတောင်..?   "
" ဒါကြီးကသာ ကောင်းလာတာ ဘပွမ်ရ ဒီပေါ်ကကောင်တွေ အချိုးက မပြင်သေးဘူး..  "
တောကရောက်လာတဲ့ ကျွန်တော့်ဘကြီး ဘပွမ် ကို အဝေးပြေးကားဂိတ်ကနေ ကြိုခဲ့တာပါ ။
အဝေးပြေး လေအိတ်ကားကြီးပေါ်ကနေ ဘတ်စ်ကားပေါ်ပြောင်းပြီး စီးလာကထဲက တအံ့တသြနဲ့ ဘပွမ်ကို နားလည်ပေးထားပါတယ် ။
ရန်ကုန်မရောက်တာ အတော်ကြာနေပြီမို့ ဘုရားဖူးလာဖို့ နဲ့ ပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကြီးကိုလဲ လာကြည့်ပါလို့ခေါ်လိုက်တာပါ..။
ဘပွမ်ကလဲ ခေသူမဟုတ်ပါ.. ရွာမှာ လူကြီးမို့ မျက်စိကြီး နားကြီး ဖြစ်မှ လူအဟန့်ရှိမှာပေါ့ ဆိုပြီး ဟန်းဖုန်း နှစ်လုံး ကိုင်တယ်.. ဖေ့ဘွတ် သုံးတယ်.. သူ့အကောင့်က တောက ဘပွမ် ဆိုဘဲ.. ။
" ဘပွမ် ရဲ့ ဟန်းဖုန်းနှစ်လုံး က ဘာတွေလဲ ပြောပါအုံး "
" အူလဒူ နဲ့ ရှယ်ပြော က ဒီ လက်ပွတ်ဖုန်းနဲ့ သုံးတာကွ.. ဖေ့ဘွတ်သုံးတယ် ရှယ်ပြောတယ် နှစ်ကဒ်ထည့်ထားတာ.. အဲ နောက်တလုံးက ခလုပ်ဖုန်းကွ .သူ့ကို ပန်ကာ ထည့်ထားတာ အရေးပေါ် မီးပျက်ချိန် မှောင်ထဲ သုံးတော့ အဆင်ပြေသကွ.. မင်းသိတဲ့အတိုင်း ရွာမှာက မီးခဏခဏ ပျက်တာဘဲလေ.. "
" နေပါအုံး ဘပွမ်ရ ပန်ကာထည့်ထားတယ်ဆိုတာ ဘယ်လိုလဲဗျ.. "
" အေး တို့ဆီတော့ ပန်ကာခေါ်သကိုး.. ပန်ကာပုံအပြာလေးပါတယ်လေ. မင်းတို့ဆီက တယ်လီနွား ခေါ်သလားဘဲ.. "
" ဘပွမ်က လုပ်ချလိုက်ပြန်ပြီ.. တယ်လီနော ပါဗျ.. "
.......
" ဟေ့ ငနွေရေ.. ညနေ တရုပ်တန်းဘက် ညဈေး လျှောက်ရင်း ၁၉လမ်းမှာ နည်းနည်းပါးပါး ချရင်း ညစာစားမယ်လေ.."
ဘပွမ်က လူငယ်တွေ အကြောကိုသိတယ် သူ့တူတွေနဲ့ လိုက်လျှောညီထွေ ပေါင်းတတ်တယ် ..ဒါ့ကြောင့်လဲ တူတွေ တူမတွေက ချစ်ကြတာဘဲ..။
ဒါပေမဲ့ တောက တက်လာတဲ့ လူလည် ကြီး ဘပွမ် တရုတ်တန်း ညဈေး မရှိတော့တာ မသိဘူး ဒီနောက်တက်လာတဲ့ အစိုးရသစ်မှာ လမ်းဘေးဈေးသည်တွေကို ကမ်းနားလမ်းဘက်မှာ နေရာချထားပြီး ဈေးတန်းဖွင့်ပေးထားတာ မသိရှာဘူး.. ။ ကိစ္စမရှိပါဘူး.. ညနေကျမှ ကမ်းနားညဈေးကို ခေါ်သွားပြီး သူ့ကို ဟားလိုက်မယ်..ပေါ့..။
" ဘပွမ်က ဖေ့ဘွတ် သုံးနေတာဘဲ ရန်ကုန်မြို့ကြီး ပြောင်းလဲနေတာ ဖေ့ဘွတ်မှာ မတွေ့ဘူးလား ."
ကျွန်တော် မသိသလို နောက်လိုက်တာမှာ..
" သိတာပေါ့ကွာ.. ရန်ကုန် ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်နဲ့ စည်ပင်သာယာနဲ့ ပေါင်းပြီး လမ်းဘေးဈေးသည်တွေကို ကမ်းနားလမ်းမှာ ဈေးဆိုင် ခန်းတွေ နေရာချပေးပြီး ရောင်းခိုင်းတာမဟုတ်လား.. ခုဆို မြို့ထဲ လမ်းဘေး ပလက်ဖောင်းတွေ ရှင်းနေတာဘဲဆို.. "
" ဒုံရင်းပါဘဲ ဘပွမ်ရာ...."
.....
" ကိုင်း.. ငနွေရေ.. တီးတိုင်းကွ တီးတိုင်း.. လဘက်ရည်သောက် သွားကြရအောင်.. ခါတိုင်း ငါလာရင် သောက်နေကျ လမ်းထိပ်ကဆိုင် ရှိသေးလား.."
"အင်း ခု သုံးနာရီ ထိုးခါနီးဆို ဖွင့်ပါပြီ.."
" ဟေ.. ငါက ပလက်ဖောင်းဆိုင်တွေ မဖွင့်ရတော့ ပိတ်သွားပြီ မှတ်နေတာ.."
" ဘပွမ်ရ မပိတ်တဲ့အပြင် ဆန်းသစ် တီထွင် ထားတာတွေတောင်ရှိသေး.. "
" ဘယ်လို..ဘယ်လို.."
" ပလက်ဖောင်းဈေးသည်တွေ ကမ်းနားမှာ ဆိုင်နေရာပေးတော့ သူ့ လက်ရှိဆိုင်အတွက် တဆိုင်စာနေရာရတယ်လေ.. ပထမတော့ အဲဒီဆိုင်နေရာမှာ တစ်ဆိုင် ခွဲဖွင့်တယ်လေ.. နောက် ရောင်းကောင်းပြီး ဖေါက်သည်တွေရလာတော့ အဲဆိုင်ကို လက်လွဲ ငှားစားလိုက်တာပေါ့.. သူကတော့ လက်ရှိနေရာပြန်လာပြီး နားလည်မှုယူလို့ လမ်းကြားထဲ ဆက်ဖွင့်နေတာပေါ့.."
"ဟ..ဟား.. သူက ပလက်ဖောင်းဈေးသည် ရှင်းလင်းတဲ့အခါမှ စီးပွါးဖြစ်လို့ ပေါ့.. မင်းတို့ ဝန်ကြီးချုပ်ကတော့ ဘိုးဘိုး အောင်ပါဘဲကွာ.. "
" ဘပြောင်ကတော့ လုပ်ပြန်ပြီ.. ကျုပ်က ဘိုးဘိုးအောင်ကို သိပ်မသိဘူးဗျ.. "
" မင်းကလဲကွာ.. ငါခနခန ဆိုတဲ့ နဂါးနီ သီချင်း မသိဘူးလား.."
" ဟို ကာလာအိုကေရောက်တိုင်း ဘပွမ် ဟဲနေကျ သီချင်းမဟုတ်လား..ဘာတဲ့.. လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည် ..ဆိုတာမလား. "
" အေး အဲဒီ သီချင်းမှာ ပါသလိုဘဲ ဘိုးဘိုးအောင်ဆိုတဲ့ ပုဂ္ဂိုလ် က ဆင်းရဲသားတွေကို ချမ်းသာအောင် မတယ်တဲ့ သူ့တန်ခိုးက ဘယ်ဟာမဆို နှစ်ဆ တိုး နိုင်တယ်တဲ့ .. ခု မင်းတို့ ဝန်ကြီးချုပ်လဲ နှစ်ဆတိုးပေးနိုင်တာဘဲ.."
" ဘာတုန်းဗျ.. ဘာကို နှစ်ဆတိုးလို့လဲ.. "
" ခု လမ်းဘေးက လဘက်ရည်ဆိုင် ပိုင်ရှင်လေကွာ.. ဘိုးဘိုးအောင် လုပ် ..အဲ ဝန်ကြီးချုပ် လုပ်လိုက်တာ သူ နှစ်ဆိုင် ဖြစ်သွားပြီလေ.. "
" လုပ်ချလိုက်ပြန်ပြီ.. သူတယောက်ထဲ မဟုတ် လမ်းလေးပလက်ဖောင်းဈေးသည်တိုင်း နှစ်ဆဖြစ်သွားတာဗျ.."
.....
"  ကဲ ဘပွမ် ဘာသောက်မလဲ.. "
" လဘက်ရည်ပေါ့ကွာ.."
"ဟုတ်ဘူးလေ.. ဆိုင်းဘုတ်မှာ ဖတ်ကြည့်အုံး.." ဆိုပြီး ဘပွမ်နောက်က ဆိုင်းဘုတ်ကို ပြရတယ်..။





















" ဟာ .. လုပ်ချလိုက်ပြန်ပဟ..."
" တခွက် ၅၀၀ ဆိုတာ များတော့ပါဘူး ဘပွမ်ရာ "
" ခွီး.. ဈေးကိုတော့ မပြောပါဘူး.. သူလဲ ဘိုးဘိုးအောင်နဲ့ တွေ့နေပြီဘဲ.. ဒီလောက်တော့ရှိမှာပါ..ခုဟာက ညွှန်းလွန်းလို့ပါကွာ... တောသားကြီးပစ်လဲ ဆိုတာ.. သူ့လဘက်ရည်က တောအရက်နဲ့ ဖျော်တာလား.. မြောင်းကြားထဲ ခေါင်းစိုက် ဆိုတာက မီးတောက်အရက်နဲ့များ ဖျော်သလား.. ကြည့်စမ်းပါအုံး.. တွဲလောင်း လဘက်ရည်ဆိုဘဲ.. ဘောင်းဘီ ဝတ်ပြီးသောက်မှ အဆင်ပြေမှာ.. လုံကွင်းကျွတ်ကျလောက်အောင် မူးမယ်ပေါ့.. ဟားဟား.."
" ဘပွမ်ကလဲ သူ့အဓိပ္ပါယ်နဲ့ သူရှိမှာပေါ့.."
" အေး. ငါလဲ အဲဒါ သိချင် တာ.."
" မြည်းကြည့်မှ သိမှာပေါ့ ဘပွမ်ရာ.. ကျွန်တော်လဲ ခါတိုင်း ပုံမှန်ဘဲ သောက်နေကျ ဆိုတော့ မသိဘူးဗျ "
" ဒီလိုလုပ် .. တမျိုး တခွက် စီ မှာလိုက် ဒါမှ မြည်းကြည့်ပြီး သိရမှာ ပေါ့.. "
" ခလေးရေ လဘက်ရည် မှာမလို့.."
ကျွန်တော် စာပွဲထိုးကို ခေါ်ပြီး လဘက်ရည် မှာပါတယ်..
ဘပွမ်သောက်ကြည့်ချင်တယ် ဆိုတဲ့ လဘက်ရည် တွေ  တွဲလောင်း လဘက်ရည် တစ်ခွက်ရယ် မြောင်းကြားထဲခေါင်းစိုက် လဘက်ရည် တစ်ခွက်ရယ် တောသားကြီးပစ်လဲ လဘက်ရည် တစ်ခွက်ရယ်.. ပြီးတော့ ကျွန်တော် သောက်နေကျ ပုံမှန်တခွက် ရယ်  စားပွဲထိုးလေးကို အသေအခြာ မမှားအောင် မှာလိုက်ပါတယ်..။
စားပွဲထိုးကောင်လေးကလဲ ကျွန်တော်မှာတာတွေကို အသေအခြာ လက်ချောင်းလေးတွေချိုးရင်း မှတ်လို့ .. ပိုပြီး သေခြာအောင်တောင် နောက် တခေါက် ထပ်မေးပါသေးတယ်..။
ပြီးတော့ လဘက်ရည် ဖျော်နေတဲ့ နောက်ဖက်က ဖျော်ဆရာဆီသွားပြီး မှာပါတယ်.. သူမှာတာ မှားရင် ပြင်ပေးမလို့ နားစွင့် ရင်း သူမှာတဲ့ အသံ ကြားတော့မှ ဘပွမ်ရဲ့ ဆဲသံ ထွက်ကျလာတာ..

" မင်းတို့ဆီက ကောင်တွေ အလုပ်လုပ်တာ မင်းတို့ဆီက စားပွဲထိုးလိုပါဘဲကွာ.. လုပ်လိုက်တဲ့ စီမံကိန်းတွေကလဲ အမျိုးမျိုး စည်းဝေးတွေမှာ ပြောလိုက်ရင် စာရွက်တွေနဲ့ တကုတ်ကုတ်မှတ်ပြီး နောက်တော့လဲ ဟိုကောင်လေး စာပွဲထိုး လဘက်ရည် မှာသလိုဘဲ ..."

စားပွဲထိုးလေးက  *** လဘက်ရည် လေးခွက် ဆိုင်သောက်မယ် *** တဲ့..


(စားပွဲထိုးချည်း အားမကိုးနေကြနဲ့ )


Monday, May 8, 2017

ကျွန်တော် သိသော အင်ကြင်းပန်း

အင်ကြင်းပန်းတွေ ဝေဝေဆာဆာပင်လုံးကျွတ်ပွင့်နေတဲ့ လုမ္ဗနီ တောလို့မြင်ကြည့်လိုက်တော့ ခုသိနေတဲ့ အင်ကြင်းပင်တွေဆိုတာ ပင်လုံးကျွတ် မပွင့်ကြဘဲ ပင်စည်မှာ ကပ်ပြီး ပွင့်နေကြတာတွေ့တော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိတယ်
အင်ကြင်းကို ပါဠိဘာသာနဲ့ “သာလ” လို့ ခေါ်ပြီး အင်္ဂလိပ်လို Sal tree လို့ပဲ အသံဖလှယ်ပြီးခေါ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Shorea robusta ပါ။
အင်တာနက်ပေါ်မှာ Sal tree, Shorea robusta ဆိုပြီး ရှာကြည့်ရင် ပင်စည်နားမှာကပ်ပြီး လိမ္မော်နဲ့ အနီရောင် အပွင့်ကြီးတွေ ပွင့်လေ့ရှိတဲ့ Cannon ball tree (ရုက္ခဗေဒအမည် Couroupita guianensis) တွေပဲ ထွက်လာတာ များပါတယ်။ အမြောက်ဆံလို အညိုရောင် အသီးလုံးကြီးတွေ ပင်စည်မှာ ကပ်ပြီး သီးလေ့ရှိတဲ့အတွက် Cannon ball tree လို့ခေါ်တာပါ။
မဟာဂေါသိင်္ဂသုတ်မှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းပန်းတွေရဲ့ ရနံ့ကို နတ်ပန်းရနံ့နဲ့ တင်စားထားပါတယ်။ ဖြောင့်စင်းတဲ့ ပင်စည်၊ စိမ်းညိုရောင် အရွက်ရှိပြီး၊ အကိုင်းအခက်တွေက အထက်မိုးတိမ်မှာ အချင်းချင်း ရောယှက်နေကြတယ်လို့ အင်ကြင်းပင်ရဲ့ပုံစံကို သောဏကဇာတ် (ဇာတကအမှတ် ၅၂၉) ဂါထာမှာ ရေးဖွဲ့ထားပါတယ်။ ( http://sonata-cantata.blogspot.com/2013/05/ )
ဒီ ဘလော့ ထဲ ရှာဖတ်ကြည့်ပြီး ကိုယ်တိုင်ရှာကြည့်တဲ့ အခါ ဒီလိုတွေ တွေ့ရတော့ အမှတ်မှားနေကြတာလေး ပြင်ပေးချင်တာပါ..
အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး ငြင်းရအောင်တော့ သက်သေမပြည့်စုံလို့ ကြိုပြီး အရှုံးပေးထားပါတယ်နော..

https://en.wikipedia.org/wiki/Couroupita_guianensis






ခုပြောချင်တဲ့ အင်ကြင်းပန်းက 
https://en.wikipedia.org/wiki/Shorea_robusta







ပန်းပွင့်နဲ့ အပင်ပုံတွေကိုကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ ပေါက်နေတဲ့ လူသိများတဲ့ အနန်းပန်း ပင်နဲ့တူနေပါတယ်.. 
အနန်းပင်တွေက ဖားအောက်တောရ ပင်မ (မော်လမြိုင် ) အဝင်လမ်းမှာ စီတန်းပေါက်ရောက်နေတာတွေ့ရပြီး ပန်းပွင့်ချိန်မှာ လမ်းတလျှောက်လုံး မွှေးကြိုင်နေတာကို ရောက်ဖူးသူတိုင်း သတိပြုမိကြမှာပါ.. 

အင်ကြင်းပန်းရနံ့ မွှေးပျံ့ကြိုင်လှိုင်ပါစေ.. 
မေတ္တာဖြင့်...
နွေဦးသစ်စိမ်း ။